Gunung Mulu National Park ရှိ The Pinnacles သို့ တောင်တက်ခရီးသွားခြင်း

Gunung Mulu National Park ရှိ The Pinnacles သို့ တောင်တက်ခရီး 

မလေးရှားနိုင်ငံသုံး တစ်ရာတန်ငွေစက္ကူနောက်ကျောဘက်ရှိ ပုံဘယ်ဘက်မှ ကျောက်စွယ် များ ထိုးထိုးထောင်ထောင်နဲ့ နေရာကတော့  the pinnacles လို့ခေါ်ပြီး ညနေ နေတောက်ချိန်မှာ ကျောက်စွယ်တွေကရောင်ပြန်တဲ့အခါမီးလျှံများနဲ့တူလို့ Gunung Api  မီးလျှံတောင် လို့ ဒေသဘာသာစကားနဲ့ ခေါ်တဲ့ တောင်ထိပ် ပဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ  ၁၇၅၀ ( ၅၇၅၀ပေ) မှာရှိပါတယ်။ 

Mulu Pinnacle  နဲ့   မလေးရှားရင်းဂစ် ၁၀၀ တန် နောက်ကျောမှပုံ


အဲဒီနေရာက မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာရာဝက်ပြည်နယ်ထဲက World Heritage စာရင်းဝင် Gunung Mulu National Park   ထဲမှာရှိပါတယ်။  အဲဒီကျောက်စွယ်တွေကိုကြည့်လို့ကောင်းတဲ့  View Point ကို  The pinnacle hike  ဆိုပြီး တောင်တက်ခရီးအဖြစ် သွားကြည့်လို့ရပါတယ်။ အနည်းဆုံး နှစ်ညအိပ် သုံးရက်ခရီးသွားရပါတယ်။ 

unung Mulu National Park တည်နေရာ


 Gunung Mulu National Park  ကိုဘယ်လိုသွားမလဲ 

သာမန်ခရီးသွားတွေအနေနဲ့ Gunung Mulu National Park ကိုရောက်နိုင်တဲ့ တခုတည်းသောနည်းလမ်းကတော့  Malaysia Airlines System ရဲ့လိုင်းခွဲ  MASwings  လေကြောင်းကပျံသန်းပေးတဲ့ လေကြောင်းခရီးပါ။  မလေးရှားဆာရာဝက်ပြည်နယ်  Kuching  နဲ့ Miri မြို့၊ ဆာဘားပြည်နယ်Kota Kinabalu  မြို့တို့ကနေ  ATR 72 လေယာဉ်တွေနဲ့ ပျံသန်းပေးပါတယ်။ 

မြန်မာပြည်ကနေသွားလျင်တော့  ကွာလာလမ်ပွာကို အရင်သွားပြီး အဲဒီကနေ Kuching  နဲ့ Miri တခုခုကိုသွားကာ Mulu ကိုခရီးဆက်ရပါမယ်။ 

စင်္ကာပူကနေ  Kuching  နဲ့ Miri  ထိ လေယာဉ်တိုက်ရိုက်ရှိတော့ ခရီး နှစ်ဆင့်ပဲစီးဖို့လိုပါတယ်။ 

ဟောင်ကောင် ၊ ထိုင်ဝမ် တို့ကနေလာလျင်တော့  Kota Kinabalu ကို တိုက်ရိုက်လေယာဉ်ရှိလို့ အဲဒီကနေ Mulu ကိုထပ်စီးရုံပါပဲ။

Mulu လေဆိပ်နှင့် တိုက်ရိုက်ခရီးပျံသန်းနိုင်သောမြို့သုံးမြို့။ 

ခရီးစဉ်ကို ကြိုတင်ပြင်ဆင်ခြင်း

တကယ်တော့ The Pinnacles ဆိုတာ Gunung Mulu National Park မှာ လည်ပတ်လို့ရတဲ့ နေရာတွေအများကြီးထဲက (အောက်ကပုံမှာပြထားပါတယ်) Guided tour တခုပဲဖြစ်ပါတယ်။  Guided tours  တွေကို တနေ့တာအတွက်လူဦးရေအကန့်သတ်နဲ့ လက်ခံတာဖြစ်လို့ ကြိုတင် ဘိုကင်ယူထားမှ စိတ်ချရပါတယ်။ 

The Pinnacles ခရီးကို လိုင်စင်ရဂိုက်  (Guide) နဲ့သာသွားလို့ရပါတယ်။ နှစ်ညအိပ်သုံးရက်ခရီး၊ တောင်ခြေခစခန်း Camp 5 မှာ နှစ်ညအိပ်ရပြီး တနေ့တာ တောင်တက်ခွင့်ပြုသူဦးရေ ကို ကန့်သတ်ထားလို့ ကြိုတင် စာရင်းပေးသွင်း Booking  လုပ်ထားရပါတယ်။ ခရီးအတွက် စုံစမ်းတာ စာရင်းသွင်း၊ စရံပေးတာတွေကို  Gunung Mulu National Park ရဲ့ တရားဝင် အင်တာနက် ဝဘက်ပေ့ချ်ကနေကြည့်ပြီး ဆက်သွယ် မေးမြန်း စာရင်းပေးလို့ရပါတယ်။ 

ကျနော်လည်း Park contact မှာပေးထားတဲ့ အီးမေးကို လှမ်းပြီးမေး၊ ကိုယ်သွားချင်တဲ့ရက်နဲ့  tours တွေကိုပြောပြီး အခန်းနဲ့  Tour  ရနိုင်မရနိုင်မေး၊ မရနိုင်တော့ ပြန်ညှိ၊ နောက်ဆုံးသူတို့ Propose လုပ်တဲ့  Itinerary နဲ့ အဆင်ပြေသွားခဲ့တာပါ။ 

သူတို့ ဝဘ်ဆိုဒ်မှာ ခရီးအတွက် ယူလာသင့်တဲ့ပစ္စည်းတွေကိုပါရေးပေးထားပါတယ်။ 

 တခြား လိုင်စင်ရ ခရီးသွားအေ့ဂျင်စီတွေက စီစဉ်တဲ့ခရီးတွေလည်းရှိပါတယ်။ ပိုပြီးသက်တောင့်သက်သာရှိပေမယ့် ငွေတော့ပိုကုန်ပါတယ်။ 

တည်းခိုနိုင်သောနေရာများ

(၁) Mulu National Park Head Quarter (Park HQ) မှာ တည်းခိုဆောင်အမျိုးမျိုးရှိပါတယ်။ ၊ ဘန်ဂလို၊ နှစ်ယောက်ခန်း၊ သုံးယောက်ခန်း၊ မိသားစု တည်းရန်  Long House၊ အများနဲ့ တွဲနေတဲ့  Hostel စသည်ဖြင့်အစားစားပါ။  Park HQ မှာ ဈေးသင့်တင့်ပြီး အစားအသောက်လည်း အဆင်ပြေတဲ့  CAFÉ တခုရှိပါတယ်။ မနက်စာကိုလည်း အဲဒီမှာပဲကျွေးပါတယ်။ 

Gunung Mulu National Park မြေပုံ၊ တည်းခိုဆောင်နေရာများနဲ့  လည်ပတ်လို့ရတဲ့ နေရာများ

Rainforest Lodge အဆောင်များ 



၂၀၂၃ ခုအတွက် တည်းခိုခန်းခ နှုန်းထားများ


(၂) Park HQ  အဝင်လမ်းနဲ့ Mulu ရွာထဲမှာ  Homestay တည်းခိုခန်းကလေးတွေက  Budget ခရီးသွားတွေအတွက်အဆင်ပြေစေပါတယ်။ စားသောက်ဆိုင်နဲ့ပါတွဲထားတတ်ပါတယ်။ Mulu Homestay, D'Cave Homestay, Mulu Backpackers Homestay, Mulu Diana Homestay, AA Homestay, BMulu Village, စသည်ဖြင့်ရှိကြပြီး  Google မှာရှာပြီးဆက်သွယ်လို့ရပါတယ်။ 

ပုဂ္ဂလိက တည်းခိုခန်းများ

ပုဂ္ဂလိက တည်းခိုခန်းများ

ပုဂ္ဂလိက တည်းခိုခန်းများ နှင့်စားသောက်ဆိုင်

(၃) Mulu Marriott ဆိုတဲ့ 5*  ဟော်တယ်တခုလည်းရှိပြီး ငွေကြေးတတ်နိုင်သူတွေအတွက်အစစအရာရာ စီစဉ်ပေးတဲ့ tours package  တွေနဲ့ တွဲထားလို့ အရာရာအဆင်ပြေစေပါတယ်။ 

လေဆိပ် အကြိုအပို့

Mulu Marriott  နဲ့  Homestay  တည်းခိုခန်းတွေက သူတို့ဧည့်သည်တွေအတွက် လေဆိပ် အကြို၊ အပို့၊ Park HQ  သို့ အကြို အပို့ စသည်ဖြင့် အစီအစဉ်လုပ်ပေးပါတယ်။ Park HQ မှာ တည်းသူတွေအတွက်ကတော့ မိမိဘာသာ စီစဉ်ရပါတယ်။ အဲဒီအတွက်ပူစရာမလိုပါ။ လေယာဉ်ဆိုက်ချိန်ဆို ဒေသခံတွေက သူတို့ကားကလေးတွေ လေဆိပ်မှာထိုးပြီးစောင့်နေတတ်ပါတယ်။ အင်္ဂလိပ်လိုပြောလို့ရကြပါတယ်။ ပုံသေ ခရီးသည်တယောက်ကို   5 RM ပဲယူပါတယ်။ တယောက်တည်းလည်းလိုက်ပို့ပေမယ့် လူရနိုင်လျင်တော့ ခဏစောင့်ပြီး အတူတူစီးရပါတယ်။ ခရီးစဉ်အပြီး လေဆိပ်ကိုပြန်ဆင်းမည့်ရက်နဲ့အချိန်ကို သူတို့ကို ပြောပြီး ပြန်ကြိုပေးဖို့ ချိန်းလို့ရပါတယ်၊ သူတို့ဖုန်းနံပတ်ကို ယူထားလျင် အဆင်ပြေပါတယ်။ 


Mulu National Park Head Quarter (Park HQ) 

ခရီးသည်များကားစောင့်ဖို့ အမိုးကလေးလုပ်ပေးထားတဲ့ Park HQ အဝင်မှာ Taman Negara Gunung Mulu National park  ဆိုတဲ့ ဆိုင်းဘုတ်ကြီးကကြိုနေပါတယ်။ 


Park HQ  အဝင်ကားရပ်ရန်၊ ကားစောင့်ရန်နေရာ

အဲဒီကနေ ချောင်းကိုဖြတ်ဆောက်ထားတဲ့ကြိုးတံတားကို ဖြတ်လျောက်ပြီး တဘက်ကမ်းရောက်လျင်ဘယ်ဘက်မှာ  Security  ဆိုတဲ့  signboard ကလေးနဲ့ အဆောက်အဦတခုရှိပါတယ်။ အဲဒီမှာ ကိုယ်အခန်းပြန်အပ်ပြီး နောက် ခဏအပ်ထားခဲ့ချင်တဲ့ ပစ္စည်းတွေကို အပ်ထားလို့ရပါတယ်။ 

Park Office 

Park Office 


စားသောက်ဆိုင်  ( သောက်ရေစက်ကလေးတွေမှာ သောက်ရေဖြည့်လို့ရပါတယ်)



လက်ယာဘက် ကို သစ်သားခင်းလျှောက်လမ်းအတိုင်းလျှောက်သွားလျင်  Park Office  ကိုရောက်ပါတယ်။ Park Office  အဝင်ဝ  Security boot မှာစာရင်းသွားပေးပြီးနောက် Office  အထဲမှာကိုယ်  Book  လုပ်ထားတဲ့ အခန်းနဲ့ ခရီးတွေအတွက် ကျသင့်ငွေကို ပေးရပါတယ်။  ရေစိုခံ 5 Days pass လက်ပတ်ကို လက်မှာ ပတ်ပေးလိုက်ပါတယ်။  5 Days pass အတွက်   နိုင်ငံခြားသားတယောက်လျင်  RM 30 နဲ့  Tourism tax RM 10 မဖြစ်မနေပေးရပါတယ်။  Guided tours  တွေမလည်ဘူးဆိုလျင် တည်းခိုခန်းခနဲ့ အဲဒီ  RM40  ပေးရုံပါ။ 

ကျနော်က  The Pinnacle hike အပြင် တခြား Guided tours တွေပါယူထားလို့ ကျသင့်ငွေချေပြီး တည်းခိုဆောင်မှာပစ္စည်းနေရာချကာ အနီးအနားလျှောက်ကြည့်ပြီး  Cafeteria မှာ နေ့လည်စာဝယ်စားပါတယ်။ ထမင်းကြော်တပွဲ RM 16  ပါ။ 


3D2N The Pinnacles hike ခရီး

The Pinnacle hike  အကြောင်းကို အရင်ရေးမှာဖြစ်လို့ တခြား tours တွေအကြောင်း နောက် တပိုင်းမှာရေးပါမယ်။ 

လိုအပ်သောပစ္စည်းများ 

CAMP 5 သို့ယူသွားဖို့ လိုအပ်သောပစ္စည်းများ ESSENTIALS FOR CAMP 5 

  • Insect repellent (ခြင်၊ တခြားအင်းဆက်နှင့် ကျွတ်တွယ်ခြင်းကာကွယ်ရန်။)
  • ရှေးဦးသူနာပြုဆေး၊ ဆေးပစ္စည်း၊ မိမိသုံးနေကျဆေးများ 
  • Toiletries (မျက်နှာသုတ်ပဝါ၊ ဆပ်ပြာ၊ ရှမ်ပူ၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ အိပ်သာသုံးတစ်သျှူး၊) 
  • Torch Light- HEADLAMP ADVISABLE (+ Spare batteries)
  • Bedding/sleeping bag(sleeping bag ကဝန်ကျယ်ပေမယ့် အခင်း+ စောင်အနေနဲ့သုံးလို့ရ။ ကိုယ့်ပစ္စည်းယူမလာလည်း စောင်ကို  HQ မှာစရံ RM15ပေးပြီးငှားလာလို့ရပါတယ်။ မိုးရွာလျင်ချမ်းပါတယ်။ 
  • လေခေါင်းအုံး သုံးချင် လျင် ယူလာပါ။ 
  • Enough food for 3 days (ညစာ ၂ နပ်၊ မနက်စာ ၂၊ တောင်ပေါ်စားရန် နေ့လည်စာ ၁)  Park HQ စတိုးမှာလိုအပ်တဲ့ပစ္စည်းတချို့ကို ဝယ်လို့ရပါတယ်။ Mulu ရွာထဲရှိ  Mini Mart  မှာလည်းဝယ်လို့ရ) MRE (Meal Ready to eat  တွေက စားလို့ အဆင်ပြေအာဟာရဖြစ်ပေမယ့် သယ်ရတာပိုလေးပါတယ်။ တချို့ကခေါက်ဆွဲခြောက်ပဲစားပါတယ်။ အဆာတော့ သိပ်မခံလှ။ 
  • Mosquito net (Park Office မှာငှားခ  RM12 ပိုက်ဆံပေးပြီးခြင်ထောင်ကို Camp 5 မှာထုတ်၊ အများအားဖြင့်ခြင်မရှိတတ်ဘူးဆိုပါတယ်။  မီးဖွင့်ထားချိန် ပိုးကောင်တွေတော့ ကျတတ်ပါတယ်။ )
  •  ရေချိုးခန်း၊အိမ်သာသုံးရန်ညှပ်ဖိနပ် 
  • Some cash (Camp 5 မှာ၊ ဘီယာ၊ ပါရာစီတမော။ 3in 1 ကော်ဖီ၊ ရာဘာရှူး စတဲ့ အသေးဖွဲများဝယ်လို့ရ။) 
  • ရေစိုချွေးစိုလျင် လဲရန် လုံလောက်တဲ့ အဝတ်အစားအပို။ 
  • ဖုန်း၊ ကင်မရာ အားသွင်းချင်လျင် ပါဝါဘဏ့် (camp 5  မှာ လျှပ်စစ်မီးမရှိ၊ ဆိုလာမီးပွင့်သာရ) 
  • ကျနော်  Camp 5 ကိုသယ်သွားတဲ့ ပစ္စည်းအားလုံး အလေးချိန် ၉ ကီလိုဂရမ်လောက်ရှိပါတယ်။ 

The Pinnacles  တောင်တက်ခရီးအတွက်လိုအပ်သောပစ္စည်းများ (၄-၅ ကီလိုလောက်လေးနိုင်ပါတယ်။)

  • သာမန်အထက်ရှိ အဆင့် ကျန်းမာရေးနဲ့ သက်လုံရှိဖို့လိုပါတယ်။ တောက်လျှောက်အတက်ချည်းပဲရှိတဲ့အတက် ခရီး၊ မတ်စောက်တဲ့ အဆင်းခရီးတွေအတွက် ဒူးနဲ့ ကြွက်သားတွေ အားကောင်းဖို့လိုပါတယ်။ 
  • မိုးရေကာသား (သို့) မိုးကာအစွပ်ပါ ကျောပိုးအိပ် အငယ် (သို့) အလတ်စား၊ 
  • တောင်တက်တုတ်မလိုဘူးဆိုပါတယ်၊ အတက်မှာ လက်နှစ်ဘက်နဲ့ဆွဲရ တွယ်ရလို့ လက်တွေမအားလို့ပါ။ တကယ်တော့  2km အောက်အဆင်းမှာ တောင်တက်တုတ်ပါလျင် ပိုအဆင်ပြေပါတယ်။ ခရီးတဝက်အထိ တုတ်ကို အိတ်မှာချည်လာပြီး ၁.၂ km မှာ ထားခဲ့လျင် အဆင်ပြေ အလွန်အသုံးတည့်ပါတယ်။ 
  • ခြေကုပ်အားကောင်းတဲ့ တောင်တက်ဖိနပ် (ခွာက သိအပ်မာလျင် မညီမညာကျောက်တုံးမျက်မှာပြင်တွေအပေါ်နင်းလျင် ကုပ်ကားမကောင်းလို့ ပျော့ပျောင်းတဲ့ခွါဆိုပိုကောင်းပါတယ်။ 
  • သောက်ရေကိုအ နည်းဆုံးသုံးလီတာသယ်ခိုင်းပါတယ်။ အပြန်အတွက် တလီတာကိုလမ်းတဝက်မှာထားပြစ်ခဲ့ပြီး အပြန်မှယူပါတယ်။ 
  • နေ့လည်စာနဲ့ လမ်းအဆာပြေစားဖို့ ကိုတော့  ပေါ့ပါးပြီးစားလို့လွယ်တဲ့  ENERGY BAR ( မရလျင် ( Nut bar, chocolate bar) တွေကိုယူတာကောင်းပါတယ် ။
  • အစားအသောက် ၊ ရေနဲ့ ဘက်ထရီအပိုတွေကပုံမှန်အခြေအနေမှာပိုချင်ပိုနိုင်ပေမယ့် အခန့်မသင့်လို့ အချိန်ကြာသွားလျင် လိုအပ်နိုင်လို့ ယူသွားသင့်ပါတယ်။ 
  • ဓါတ်မီး၊ ခေါင်းမှာတပ်တဲ့ Headlamp  အားကောင်းကောင်းလိုပါတယ်။ မနက်စောစောတက်လျင်လိုသလို အပြန်မှာ အကြောင်းတခုခုကြောင့်နောက်ကျပြီးမှောင်သွားလျင်လည်းလိုပါတယ်။ 
  • ရေစိုခံ၊ ချွေးခြောက်လွယ်တဲ့ အဝတ်တွေဝတ်သင့်ပါတယ်။ မိုးရွာလျင်တော့ အေးနိုင်ပါတယ်။ မကြာခဏ ကျောက်စွန်းတွေနဲ့ တိုက်မိ၊ ပွတ်မိလို့ ခြစ်မိလျင် အသားမပွန်အောင် ဘောင်းဘီအရှည်ဝတ်သင့်ပါတယ်။ 
  • မိုးကာအင်္ကျီကိုတော့မလိုလောက်ပါ။  ချွေးနဲ့တင်ရွှဲပါတယ်။ မျက်မှန်သမား တွေမိုးရွာလျင် မျက်မှန်ရေစက်တင်ပြီး ကြည့်ရခက်လို့ လျှာပါတဲ့ မိုးကာရန်ဦးထုတ်ယူသင့်ပါတယ်။
  • ထိခိုက်ဒါဏ်ရာ ရနိုင် ခြေခေါက်နိုင်လို့ ရှေးသူနာပြုဆေးပစ္စည်းနဲ့ အကိုက်ခဲ သက်သာဆေးတွေယူလာတာမမှားပါ။  
  •  တောင်တက် လက်အိတ် (မရလျင် လုပ်ငန်းသုံးချည်လက်အိတ်အထူ) အလွန်အသုံးတည့်ပါတယ်။ ကျောက်စွယ်တွေ သစ်ကိုင်းတွေ၊ ကြိုးတွေကို ဆွဲတက်ရတဲ့အခါ လက်မနာသလို၊ အဆင်းမှာကြိုးကို လက်နှစ်ဘက်လုံးနဲ့ဆုပ်ပြီးလျှောချ၊ လှေကားပေါင်ကို ဆုပ်ပြီး လျှော ချတဲ့အခါ လက်မနာသလို ဆင်းရလွယ်ပြီးမြန်ပါတယ်။ 
  • ခြေအိတ်အထူမရှိလျင် နှစ်ထပ်ဝတ်တာကောင်း။ အလာမှာမိုးစိုနိင်လို့တောင်တက်ဖို့အပိုယူလာသင့်။ 

Camp 5  သို့သွားသောပထမနေ့ခရီး

Park HQ  မှ Camp 5  သို့သွားသောလမ်းကြောင်းပြပုံ


 လှေတတန်

ပထမနေ့က Park HQ  ကနေ ညအိပ်ခရီးထောက်မည့် တောင်ခြေက Camp 5 ကိုသွားတဲ့ ခရီးပါ။ စက်လှေနဲ့ Sungai Melilau Paku ချောင်းရိုးတလျှောက် ၉.၄ ကီလိုမီတာလောက် သွားရပါတယ်။   မနက် ကိုးနာရီလောက်မှာ Park Office အရှေ့မှာလူစု၊ Guide  ကလူစစ်၊ လိုအပ်တာတွေပါမပါမေးပြီး Office  အနောက်ကလှေဆိပ် ကိုဆင်းပါတယ်။ ရေကျချိန် လှေဝမ်းနဲ့ ချောင်းကြမ်းခင်းကကျောက်တွေ မလွတ်တတ်လို့ စက်လှေတစီးကို ခရီးသည် ၅ ယောက် / ၆ ယောက်ပဲတင်ပါတယ်။  စထွက်ပြီးမကြာမီ ဒေသခံ ပီနန်းလူမျိုးတွေကို နေရာပြန်ချထားပေးတဲ့ Penan Resettlement Area က  Batu Bungan community Market မှာ ရပ်ပြီး သူတို့ရဲ့လက်မှု ပညာပစ္စည်းဈေးကိုလိုက်ပြပါတယ်။ ပစ္စည်းဝယ်ယူခြင်းဖြင့် သူတို့ကို ကူညီပါပေါ့။  




အဲဒီနောက်မှာတော့ လမ်းမှာ  Cave of the Winds နဲ့  Clear Water cave နှစ်နေရာရပ်ပါတယ်။ အဲဒီထုံးကျောက်ဂူတွေကို  Guided tours အနေနဲ့လည်လို့ရပါတယ်။ လှေဖို့အပါတယောက်လျင်  RM67  ကျပါတယ်။ ကျနော်က Camp 5 သွားဖို့လှေဖိုးပေးထားပြီးသားဖြစ်လို့ Guide  အတွက်  RM67 အစား RM 30  ပဲပေးရပါတယ်။ ဂူတွေထဲမလည်လျင် အပြင်မှာ နားဖို့လုပ်ပေးထားတဲ့ကပြင်မှာ ယူလာတဲ့ နေ့လည်စာစားရင်းစောင့်လို့ရပါတယ်။ 

အဲဒီနောက်မှာတော့ တောင်တက်မည့်သူတွေက  Kuala Litut  ဆိုတဲ့လှေဆိပ် အထိခရီးဆက်ပြီး ကျောက်ဂူတွေကိုပဲလည်သူတွေကတော့ ပြန်လှည့်ကြပါတယ်။ 

Kuala Litut မှာ လှေစောင့်သူတွေ နားဖို့ ဇရပ်ကလေးရှိပါတယ်။ အဲဒီမှာ ကျနော်တို့ ယူလာတဲ့ နေ့လည်စာစားကြပါတယ်။ ကျနော်တို့အုပ်စုမှာ အသက် ၂၀  ဝန်းကျင် အဖြူလူငယ် ၅ ယောက်။ လူလတ်ပိုင်း အဖြူအမျိုးသမီး ၂ ဦး၊ အသက်ကြီးပိုင်းဂျာမန် အမျိုးသမီးကြီး နှစ်ဦး၊ တကိုယ်တော်သမား မလေးရှားတရုပ် လူလတ်ပိုင်းတယောက်နဲ့ ကျနော်၊ စုစုပေါင်း ၁၁ ယောက်ပါ။

Kuala Litut

ကုန်းတတန် 

Kuala Litut လှေဆိပ်ကနေ ညအိပ်မည့် Camp 5 ကိုကိုယ့်အထုတ် ကိုယ်သယ်ပြီး  ၉ ကီလိုမီတာ ခြေလျင်ခရီးချီတက်ကြပါတယ်။ လမ်းက ကျောက်စရစ်ခင်းပြီး အာလူးကျောက်ကြီးတွေ နှုတ်ခမ်းသတ်ထားတဲ့တောလမ်းဖြစ်ပြီး လမ်းပျောက်ဖို့ခဲယဉ်းပါတယ်။ Camp 5 ရောက်ကာနီး တောင်ငယ်တလုံးတက်ရတာကလွဲလျင်တလျှောက်လုံးနီးပါး မြေပြင်ညီပါ။  ချောင်းကို ကြိုးတံတားနဲ့ နှစ်ခါဖြတ်ရပါတယ်။ တခုပဲရှိတာက လမ်းမှာ ကန့်လန့်ဖြတ်လဲနေတဲ့သစ်ပင်ကြီးတွေရှိလို့ အဲဒါတွေကို ရှင်းလင်းမပြီးခင် မှာ ရှောင်ကွင်းသွားရတဲ့ အခါ လမ်းပေါ်ပြန်ရောက်ဖို့ သတိထားရပါတယ်။ ပြန်မရောက်လျင် လမ်းပျောက်ပါမယ်။  တလမ်းလုံးဗီဒီယိုမှတ်တမ်းတင်လာတဲ့ ခရီးဖေါ်တယောက် လမ်းမှားသွားပါသေးတယ်။ ဂိုက်က နောက်ဆုံးကလိုက်ပါတယ်။ သုံးနာရီကြာလောက်လျှောက်အပြီး ညနေ လေးနာရီကျော်လောက်မှာ Camp 5 ကို ရောက်ပါတယ်။ 

Camp 5 (ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀)


Camp 5

ဘေးနှစ်ဘက်မှာ အိပ်စင်၊

မီးဖိုဆောင်နှင့် ထမင်းစားဆောင်ကိုလှမ်းမြင်ရစဉ်


 Camp  5  မှာ တခန်းကို လူ ၈ ယောက်ကနေ ၁၆ ယောက်အထိဆန့်တဲ့ အခန်းစုံ ၅ ခန်းရှိပါတယ်။ အမိုးအကာပါပြီး အလယ်လျှောက်လမ်း၊ ဘေးနှစ်ဘက် အိပ်ဖို့ စင်နဲ့ ဘားတိုက်လိုဆောက်ပေးထားတာပါ။ ရေမြှုပ် အိပ်ယာခင်းတခုစီပေးပြီး တန်းစီအိပ်ရပါတယ်။  ခြင်ထောင်ချည်ဖို့ သံကြိုးတန်းတွေ၊ အပြင်မှာ အဝတ်လှန်းဖို့ကြိုးတန်းတွေရှိပါတယ်။ ကျား သီးသန့်၊ မ သီးသန့် ရေချိုးခန်း အိမ်သာ  တဘက်ကိုနှစ်ခန်းရှိပါတယ် ။ သောက်ရေ လိုသလောက်ဖြည့်လို့ရပါတယ်။ ရေနွေးကြိုက်သလောက်ရပါတယ်။ ဂတ်စ်မီးဖိုပေးသုံးပြီး သူတို့အိုး၊ ခွက် တွေသုံး ချက်ပြုတ်လို့၊ ပန်းကန်၊ ခွက်၊ ဇွန်းခက်ရင်းတွေငှားပြီး စားလို့ရပါတယ်။  တိုးရ် အေးဂျင့်နဲ့လာတဲ့သူတွေကိုတော့ သူတို့က ချက်ပြုတ်ကျွေးပါတယ်။ 


 camp  အရှေ့က Sungai Melilau Paku ချောင်းမှာ ရေသိပ်မတက်လျင် အလွန်အေးမြပြီး ကြည်လင်တဲ့ချောင်းရေထဲ ဆင်းစိမ်ရတာ အတော် ကောင်းပါတယ်။ 
မနက် တောင်တက်သွားတဲ့အခါ ယူမသွားချင်တာတွေကို ထုပ်ပိုးပြီး ကိုယ့်နေရာမှာကိုယ်ထားခဲ့လို့ရပါတယ်။ 
ညဘက် ဆိုလာမီးထွန်းပေးပြီး ၉ နာရီလောက်ဆိုပိတ်ပါတယ်။ ကျနော်တို့ရောက်တော့ အိမ်သာမီးပျက်နေပါတယ်။ ရွှံ့ပေ တောင်တက်ဖိနပ်တွေကိုအခန်းထဲ၊ ရေချိုးခန်းထဲကို စီးခွင့်မပြုပါ။ 

ဂိုက် Guide  နဲ့ တွေ့ဆုံ၊ 

ည ၈ နာရီလောက်မှာ နောက်နေ့ လိုက်ပို့မည့် ဂိုက်နှစ်ယောက်  ( ဂိုက်တယောက်လျင် တောင်တက်သူ ၆ ယောက်ထက်မပိုရ) ကျနော်တို့အဖွဲ့ ၁၁ ယောက်ရှိတဲ့အိပ်ဆောင်ကို လာပြီး မနက်ခရီးစဉ်အကြောင်းပြောပါတယ်။ အဲဒီညကမိုးတွေရွာနေပါတယ်။ 
မနက် မိုးများလျင် ခရီးစဉ်ကိုဖျက်မယ်။  မိုးမသည်းလျင် ထွက်မယ် ဒါပေမယ့် လမ်းမှာမိုးများလာလျင်ချော်ဖို့ ၊  အန္တရာယ် ရှိလို့ အချိန်မရွေးပြန်လှည့်ရနိုင်တယ်။ လမ်းမှာ သတ်မှတ်တဲ့  Check point  တွေကို သတ်မှတ်ချိန်အတွင်းရောက်ရမယ်။ မရောက်လျင် ဆက်တက်တဲ့အခါ ပိုနှေးပြီး အပြန်နောက်ကျပြီး မှောင်သွားနိုင်လို့ အဲဒီသူတွေကို ဆက်မခေါ်ဘူး။ ကိုယ့်ဖာသာစခန်းကိုပြန်ရမယ်။ ကယ်ဆယ်ရေးလိုလာလျင် ဘယ်လောက်ခက်တယ် ဈေးကြီးတယ်ဆိုတာတွေကိုပြောပါတယ်။ လိုက်နာရမည့်စည်းကမ်းတွေကိုလည်းပြောပါတယ်။ 
အားလုံးရှင်းပြတာတွေကိုသဘောပေါက်တယ် တက်မယ် ဆုံးဖြတ်တယ်ဆို စာရင်းပေးလက်မှတ်ထိုးရပါတယ်။ 




The Pinnacle တောင်တက်ခရီး (ဒုတိယနေ့ )

The Pinnacles တောင်တက်လမ်းကြောင်းကို  Google earth  မှာမြင်ရပုံ


ကျနော်တို့တက်မည့် ၂၀၂၃ ဇွန် ၇ ရက် မှာ တိုရ်းအေးဂျင့် ရဲ့အဖွဲ့တဖွဲ့လည်းတက်မှာဖြစ်လို့ နှစ်ဖွဲ့လုံး မမှောင်ခင် စခန်းပြန်ရောက်နိုင်ဖို့ ပထမ အဖွဲ့က တနာရီစောထွက်ရပါတယ်။ သူတို့က ပိုက်ဆံပိုပေးသူတွေဆိုတော့ ကောင်းကောင်းစား၊ အိပ်ရေးဝဝအိပ်ရတာပေါ့။ ကျနော်တို့အဖွဲ့က  မနက် ၆ နာရီခွဲအစား ၅ နာရီခွဲထွက်ရမှာဖြစ်လို့ ၄ နာရီခွဲလောက်ကတည်း က အိပ်ယာထ မျက်နှာသစ်၊ မနက်စာစား ကိစ္စဝိစ္စရှင်းထားရပါတယ်။ အိမ်သာက နှစ်ခန်းစီပဲရှိတာကိုး။ အဆင်သင့်ဖြစ်တော့ ကိုယ့်ဖာသာ သွေးပူကလေးလုပ် အကြောလျှေ့ာထားပြီး၊ လူစုံတာနဲ့  မီးကလေးတွေထွန်းပြီး တောလမ်းထဲ စဝင်ပါတယ်။  
ပထမ မီတာ တရာလောက်လျှောက်ပြီးတာနဲ့ အတက်ခရီးစပါတယ်။  တက်ပြီဟေ့ဆိုတာနဲ့ မြန်မာပြည်ကုန်ဈေးနှုန်းလိုပဲ ပြန်ဆင်းတယ်မရှိ၊ နည်းနည်းတက်တာနဲ့များများတက်တာပဲကွာပါတယ် တောက်လျှောက်တက်တော့တာပါ။ ၃၀ ဒီကရီလောက်တက်တယ်လို့ ပုံမှာပြပေမယ့် တက်ရတာကတော့ ၄၀-၄၅ ဒီကရီ လောက်ထင်ရပါတယ်။ ကျောက်တုံးတွေ သစ်ကိုင်းတွေကြိုးတွေကို ဆွဲတန်ဆွဲတက်ရပါတယ်။ အမှောင်ထဲမှာဖြစ်လို့  ဘေးဘယ်ညာမကြည့်နိုင် တစိုက်မတ်မတ် တက်ကြတာ ပထမ သတ်မှတ်နေရာ  CHECK POINT 1 (CP1)   မီတာ ၉၀၀ ရောက်မှ တထောက်နားကြပါတယ်။ အဲဒီနေရာက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀ မှာပါ။ တနာရီအတွင်းအဲဒီခရီးကိုရောက်ရမယ်ဆိုတော့ လမ်းမှာမောပေမယ့် မနားရဲဘူးလေ။ တဖွဲ့လုံး မိနစ် ၅၀ မှာအားလုံးစုံပြီး ဆက်ထွက်ပါတယ်။  
 camp 5 ကနေစထွက်ပြီး တနာရီအတွင်းရောက်အောင်ချီတက်ရမည့်  Mini Pinnacles


CP1 ကနေ CP2  ကို မီတာ ၃၀၀ ခရီးပေမယ့် အတက်က ပိုပြီးမတ်လာပါတယ် ၄၅-၆၀ ဒီကရီလောက် ရှိတယ်ထင်ရပါတယ်။ တက်ချိန် မိနစ် ၃၀ ပါ။ အားလုံးအချိန်မှီရောက်ပါတယ်။ 




 

အဲဒီ နေရာက ၂.၄ ကီလိုမီတာခရီးရဲ့ ထက်ဝက် ၁.၂ ကီလိုမီတာမှာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၆၀၀ ပါ။ အပြန်သောက်ဖို့ရေတလီတာစီကို အပေါ်အထိယူမသွားဘဲ အဲဒီနေရာမှာ ထားခဲ့ကြပါတယ်။ တောင်တက်တုတ်ကို အိတ်မှာချည်သယ်လာပြီး အဲဒီမှာထားခဲ့လျင် ပြန်ဆင်းတဲ့အခာသုံးလို့ရတော့အတော်ကလေး အထောက်အကူရမှာပါ။ အထူးသဖြင့် ဒူးသက်သာပါမယ်။



နောက်ဆက်တက်တဲ့ခရီးမီတာ ၄၀၀ မှာ တထောက်ထပ်နားပါတယ်။ ပုံထဲမှာတော့ နောက် မီတာ ၆၀၀ ( စခန်းကနေ ၂ ကီလိုမီတာအကွာကို နောက်ဆုံး ဆန်းစစ်တဲ့နေရာလို့သတ်မှတ်တာပါ။ အဲဒီကို စုစုပေါင်းနှစ်နာရီခွဲနဲ့မရောက်လျင် ဆက်မတက်ပါနဲ့ဆိုပါတယ်။ 
ကျနော် အဲဒီ ၂ ကီလိုမီတာ နေရာ (ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၀၀၀) ပထမဆုံးသံလှေကား (Danger , High Risk Area  ဆိုင်းဘုတ်) ကိုရောက်တော့ မနက် ၈ နာရီ ၂၀ ပါ။ ၈ နာရီခွဲထက်နောက်ကျမှရောက်လျင် မတက်တာကောင်းတယ်လို့ပြောထားပါတယ်။  

နောက်ဆုံးပိတ်၊ ကျောက်တုံးကျောက်စွယ် ကြိုးနဲ့တွယ်၊ 




အခက်ခဲဆုံးနဲ့ အန္တရာယ်အများဆုံး အပိုင်းကတော့ ၂ ကီလိုမီတာကနေ  View point  ၂.၄ ကီလိုမီတာအထိ မီတာ ၄၀၀ ခရီးပါ။ မတ်တပ်နီးပါး ထောင်ထားတဲ့ သံလှေကား ၁၇ ခုရှိတယ် ဆိုပါတယ်။ လက်တွေ့မှာ လှေကားတွေရှိလျင်အဆင်ပြေပါသေးတယ်။ လှေကားမရှိတဲ့ ကြားထဲကနေရာတွေမှာ ကျောက်စွယ်တွေကို ဆွဲတက်ရတာ၊ ကျောက်နံရံထဲရိုက်ထားတဲ့သံကိုင်းတွေကို နင်းတက်ရတာတွေက ပိုခက်ပါတယ်။ သံကိုင်းတွေက တခုနဲ့တခု ဝေးကြလို့ လက်က ကြိုးနဲ့ကျောက်စွယ်တွေကို သေချာဆုပ်ကိုင်ပြီးမှ နောက်တလှမ်းလှမ်းရပါတယ်။ တချို့နေရာတွေမှာ နင်းစရာနေရာကသေးတော့ ဖိနပ်မကောင်းလျင် ခြေဖြားနဲ့နင်းပြီး ဆက်တက်ဖို့ အန္တရာယ်များပါတယ်။





 သိုင်းကြိုးချည်ပြီး တက်ရတဲ့ ကျောက်တောင်တွေတက်သလို မခက်သေးပေမယ့် တောင်တက်သမားမဟုတ်တဲ့ သာမန် သူတွေအတွက်အတော်အားထုတ်ရပါတယ်။ မူးမိုက်ပြီး ပြုတ်ကျလို့ကတော့ အောက်ကကျောက်စွယ်တွေနဲ့ မတွေးဝံ့စရာပါ။  




View point  ကိုရောက်တော့ ၉ နာရီ ၁၀ မိနစ်ရှိပါပြီ။ သူတို့  ၄၅ မိနစ်သတ်မှတ်တဲ့နောက်ဆုံးအပိုင်းကိုကျနော် ၅ မိနစ်အချိန် ပိုယူလိုက်ရပါတယ်။ ဒါပေမယ့် ပန်းတိုင်ကိုချောချောမောမောရောက်ပါတယ်၊ အဲဒီမှာခဏနား၊ အစာနည်းနည်းစားအပြီးဓါတ်ပုံနည်းနည်းရိုက် ကာ ပြန်ဆင်းဖို့ပြင်ရပါတယ်။ view point  မှာ ထိုင်လို့ရတဲ့နေရာအတော်နည်းလေတော့ နောက်တဖွဲ့ရောက်လာလျင် နေရာမရှိတော့မှာစိုးလို့ ဆင်းပေးရတာပါ။  တဖွဲ့ ကို မိနစ် ၃၀ ကနေ တနာရီ အထိပဲ ပေါ်မှာနေခွင့်ပေးပါတယ်။ အဆင်းခရီးက ပိုခက် ပိုကြာလို့ မမှောင်ခင် အောက်ပြန်ရောက်ဖို့ စောဆင်းတာပိုကောင်းပါတယ်။ နေ့ခင်းဆို ရာသီဥတုကလည်း ဖေါက်တတ်သည်ကိုး။ 

 အဆင်းခက်ခက် 

ကျနော်တို့ပထမအဖွဲ့ပြန်ဆင်းတော့ မနက် ၉း၄၀ ပါ။ စဆင်းပြီးမကြာခင်မှာ နောက် အဖွဲ့က  အတက်မြန်သူတွေနဲ့ ဆုံကြပါတယ်၊ အတက်သမားကိုဦးစားပေးရတာပေါ့၊ လှေကားတခုပေါ် လူတယောက်ပဲရှိရမယ်၊ ကြိုးတချောင်းကိုတယောက်ကသုံးနေစဉ် နောက်တယောက်ကမကိုင်ရ။ တယောက်နဲ့တယောက် အနည်းဆုံး ၂ မီတာခြားရမယ် စတာတွေကို လိုက်နာရပါတယ်။ မတ်စောက်တဲ့ ကျောက်နံရံတွေ လှေကားတွေကနေဆင်းတဲ့အခါ နံရံကိုကျောပေးဆင်းလျင် အန္တရာယ်ပိုများပါတယ်။ ကျောက်တုံးတွေ၊ ကြိုးတွေ၊ လှေကားတွေကိုကိုင်ထားတဲ့ လက်က နောက်ပြန်ဖြစ်နေသလို ကျောမှာလွယ်ထားတဲ့ကျောပိုးအိပ်နဲ့ အနောက်က ကျောက်နံရံ ၊ ကျောက်စွယ်၊ လှေကားထစ်တို့ ဆောင့်မိလျင် လူကို အရှေ့ ဘက် ချောက်ထဲ တွန်းချသလိုဖြစ်လို့ပါ။ ကောင်းတာက အတက်တုန်းကလို နံရံကို မျက်နှာမူပြီး  နောက်ပြန်ဆင်းတာပါ။ လက်အိတ်စွပ်ထားလျင် လက်ထဲကကြိုး၊ လှေကားပေါင်တွေကို တဘက်လွှတ် တဘက်ဆွဲ နဲ့တက်တုန်းကလို မလုပ်ဘဲ လက်နှစ်ဘက်လုံးနဲ့ဆုပ်ပြီး လျှောချတာ ပိုစိတ်ချရပါတယ်။ လက်နှစ်ဘက်လုံးထဲမှာကိုင်ထားလို့ ပြုတ်ကျဖို့ပိုခဲယဉ်းပါတယ်။ 
ကျောက်နံရံမှာရိုက်သွင်းထားတဲ့ သံကိုင်းတွေကိုနင်းပြီးဆင်းတဲ့အခါ အဲဒီလို နံရံကိုမျက်နှာချင်းဆိုင်မဆင်းလျင် ဘယ်လိုမှအလုပ်မဖြစ်တော့ပါ။ 









ကြိုးနဲ့လှေကားတွေနေရာက အဲဒီလိုဆင်းရလို့ အဆင်ပြေပေမယ့် ကိုင်စရာမရှိတော့တဲ့ အောက်ပိုင်းမှာတော့ ဆင်းရပိုခက်ပါတယ်။ ခေါင်းကိုတချိန်လုံးငုံ့ကြည့်နေရတော့ ဇက်ကြောလည်းတက်၊ ထိန်းဆင်းရတော့  ဒူးကလည်း အတော် အားကုန်ပါတယ်။ ။ အဲဒီအပိုင်းကိုဆင်းရာမှာ တောင်တက်တုတ်ချောင်းပါလျင် ဆင်းရတာလွယ်သလို ဒူးလည်းသက်သာပါတယ်။  
 ၁.၂ ကီလိုမီတာနေရာမှာ ချန်ထားခဲ့တဲ့ရေဘူးတွေပြန်ယူ၊ အဆာပြေစားရင်းခဏနားပြီး ဆက်ဆင်းကြပါတယ်။ 
တောင်တက်ဖေါ် မလေးရှားနိုင်ငံသားတရုပ်က အဆင်းမှာ ခြေကုန်လက်ပမ်းကျသွားလို့ သူ့ကိုအဖေါ်လုပ်ပြီးစောင့်ဆင်းရတော့  Camp 5 ကိုပြန်ရောက်ချိန်မှာ နေ့လည် တနာရီခွဲပါပြီ။ ဆင်းချိန် စုစုပေါင်း  ၈ နာရီ ကြာတယ်ဆိုရမှာပါ။ 




အဲဒီနေ့ ညနေကတော့ ကိုယ်နားချင် သလိုနားကြပေါ့။ နေသာချိန်ဖြစ်လို့ အဝတ်တွေလျှော်လှန်းပြီး အနီးအနား လမ်းသလားခဲ့ပါတယ်၊ 
ချွေးစိုအဝတ်တွေကိုမလျှော်ဘဲ လှန်းထားလျင်တော့ ပျားကောင်ကြီး တွေ တထွေးကြီး ချွေးဝိုင်းစုပ်ကြပါတယ်။ 
အဲဒီညကတော့ ဒူးနဲ့ပေါင်ကြွက်သားတွေကို ဆေးလူးထားပေမယ့် အိပ်ဖို့ကွပ်ပျစ်ပေါ်တက်တဲ့ အခါ အတော်နာပါတယ်။ တပတ်လောက် ဆောင့်ကြောင့်မထိုင်နိုင်ပါ။



ပင်ပန်းပြီး တခြားလုပ်စရာလည်းမရှိတော့ ညနေစာချက်စားပြီး စောစောအိပ်ဖြစ်ပါတယ်။ 


တတိယနေ့ အပြန်ခရီး

မနက်စောထပြီးပစ္စည်းသိမ်းကာ Kuala Litut လှေဆိပ်ကို ၉ ကီလိုမီတာခရီးပြန်လျှောက်ရပါတယ်။ စက်လှေတွေကို မနက် ၁၀ နာရီအရောက်မှာထားလို့ မနက် ၇ နာရီမတိုင်မီထွက်ကြပြီး အပြန်ခရီးမှာ ဂိုက်တွေလိုက်မလာတော့ပါ။ စက်လှေတွေရောက်ပြီးလူစုံတော့ Park HQ  ကို စက်လှေတွေတိုက်ရိုက် မောင်းကြလို့ မနက် ၁၁  နာရီ ၁၅ မှာ ပြန်ရောက်ပါတယ်။ 




အဲဒီနေ့နေ့လည်  Mulu  ကနေပြန်ကြမည့်သူတွေက နေ့လည်စာစား၊ ပစ္စည်းရွေးပြီး လေဆိပ်ဆင်းကြရမှာဖြစ်ပေမယ့် ကျနော်တို့ နဲ့အတူတက်သူ အားလုံး နောက်နေ့မှ ပြန်ကြမှာဖြစ်လို့ ရုံးခန်းမှာ အခန်းပြန်ယူ၊ အပ်ထားတဲ့ပစ္စည်းတွေရွေးပြီး အခန်းပြန်နား၊ ရေချိုး အဝတ်လျှော်တန်လျှော် လှန်းတန်လှန်းပေါ့၊။ 
ကျနော်ကတော့ ကျန်တဲ့နေ့တဝက်ကို  Unguided tours တွေကိုတယောက်တည်းလျှောက်သွားလိုက်တာ နောက် ၈ ကီလိုမီတာလောက် ခရီးပေါက်ပါတယ်။ 
ကျနော်လည်ခဲ့တဲ့ တခြား Guided tours  တွေနဲ့ Unguided Tours  တွေအကြောင်းအပိုင်း (၂) မှာ ဆက်ရေးပါမယ်။ 


ဖိုးသုည 
28-06-2023

Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၁ ) The Pinnacles သို့ တောင်တက်ခရီးသွားခြင်း

Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၂)  ဂိုက်နဲ့မှ သွားလည်ရသောနေရာများ

Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃) အခမဲ့ လည်နိုင်သောနေရာများ။ 


ဆက်စပ်လင့်များ။ 

OFFICIAL PAGE Mulu National Park World Heritage Area (mulupark.com)

Hotel Borneo and Luxury 5-star Hotels | Mulu Marriott Resort & Spa

The Pinnacle မြေပုံညွှန်း

MASwings |လေကြောင်း 

GUNUNG MULU NATIONAL PARK

Borsarmulu Park Management Sdn Bhd
No 11, Pekan Mulu,
Mulu, 98070 Sarawak, Malaysia
Tel: (+60 85) 792 600/601/602/603
Fax: (+60 85) 792 605

E-mail: enquiries@mulupark.com











Comments

Popular posts from this blog

Climbing Mt Kinabalu ( မလေးရှားနိုင်ငံရှိအမြင့်ဆုံးတောင် ကင်နာဘာလူးတောင်တက်ခရီး)

Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃)၊ အခမဲ့ လည်နိုင်သောနေရာများ