Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၂) ဂိုက်နဲ့မှ သွားလည်ရသောနေရာများ
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၂) ဂိုက်နဲ့မှ သွားလည်ရသောနေရာများ
မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာရာဝက် ပြည်နယ်ရှိ Gunung Mulu National Park ကိုဘယ်လိုသွားနိုင်တယ်
ဘယ်လိုကြိုတင်ပြင်ဆင်နိုင်တယ်၊ လေယာဉ်ခရီး၊ တည်းခိုရန်နေရာ၊ လေဆိပ်အကြိုအပို့၊ Mulu National Park Head Quarter (Park HQ) အနေအထားကလေးတွေကို Gunung Mulu National Park The Pinnacle တောင်တက်ခရီးအကြောင်းပို့စ် ထဲမှာ ရေးထားပြီးဖြစ်ပါတယ်။
ဒီအပိုင်း ၂ မှာတော့ Gunung Mulu National Park ကိုရောက်စဉ် ကျနော် သွားရောက်လည်ပတ်ခဲ့တဲ့ Guided Tours and Unguided tours ကလေးတွေအကြောင်းကို အကျဉ်းချုပ် ရေးပြပေးသွားမှာပါ။
Mulu National park မှာ ဘာတွေလည်စရာရှိလဲ?
Guided tours နဲ့ Unguided tours တွေရှိပါတယ်။
Unguided tours
Unguided tours တွေက သွားရလွယ်တဲ့ သစ်သားခင်း raised walking platform မဟုတ်လျင်၊ ကျောက်စရစ်ခင်း လမ်းတွေဖြစ်ပြီး လမ်းဆုံတိုင်းလမ်းညွှန် ဆိုင်းဘုတ်တွေရှိလို့ လမ်းပျောက်ဖို့ ခဲယဉ်းပါတယ်။
![]() |
| Gunung Mulu National Park မြေပုံ |
- Botanical Heritage Trail
- The Kenyalang loop
- Paku valley loop (အဲဒီလမ်းကို သွားလျင် security ကိုစာရင်းပေးပြီးမှသွားရပါတယ်။)
- Paku water fall (စာရင်းပေးပြီးမှသွားလို့ရ)
- လင်းနို့စောင့်ကြည့်တဲ့ နေရာ Bat observatory
- Tree top tower ငှက်စောင့်ကြည့်မျှော်စင် (park အဝင် လုံခြုံရေးထံမှာ RM 50 Deposit ပေးပြီး သော့ငှားရပါတယ်။ သော့ပြန်အပ်လျင် ငွေပြန်ပေးပါတယ်)

Guide မပါဘဲသွားလို့ရတဲ့ Unguided tours များ (အခမဲ့)
Guided tours
Guided tours တွေမှာတော့ အစားစားရှိပါတယ်။
သာမန်မိသားစုတွေလည်ပတ်လို့ရတဲ့ Guided tours တွေက သိပ်ပင်ပင်ပန်းပန်းသွားစရာမလိုဘဲ မူလတန်းကလေးတွေပါလိုက်နိုင်ပါတယ်။
Lang cave and Deer cave ( ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်တိုင်တွေနဲ့ လှပတဲ့ ထုံးကျောက်ဂူများ
Night walk (ညဘက်ထွက် အမြဲစိမ်းသစ်တောနေ တိရိစ္ဆာန် နဲ့ အင်းဆက်များ ကြည့်ရန် )
စက်လှေနဲ့သွားရတဲ့
Cave of the Winds နဲ့ Clear water cave
The Fast lane
အမြင့်မကြောက်သူတွေအတွက်
အမြင့်ပေ ၆၀ ကျော်မှာ သစ်ပင်ကြီးတွေအကြားသွယ်တန်းထားတဲ့ကြိုးတံတား ၈ခု၊ မီတာ ၄၀၀ ကျော် ကမ္ဘာ့အရှည်ဆုံးလို့ပြောတဲ့ canopy Walk က
ပင်ပင်ပန်းပန်း တောင်တက်ချင်သူတွေအတွက်
၁. Pinnacle Hike နှစ်ညအိပ်သုံးရက်
၂. Mt Mulu hike သုံးညအိပ်လေးရက်
၃. Camp 1 ( Mt Mulu တောင်တက်လမ်းရှိ ခရီးထောက်စခန်းနေရာကို ညအိပ် (သို့) နေ့ချင်းပြန်
ကျောက်ဂူတွေ အကြား စွန့်စားသွားချင်သူတွေအတွက် intermediate level advanced level cave visit တွေစသည်ဖြင့် အများကြီးရှိပါတယ်။
တရားဝင် ခရီးစဉ်များနဲ့ နှုန်းထား၊ လူဦးရေကန့်သတ်ချက်တို့ကို အောက်မှာ တင်ပေးထားပါတယ်။
အနည်းဆုံး လူဦးရေကန့်သတ်ထားတဲ့ ခရီးကို ကိုယ် က အဲဒီ အနည်းဆုံး လူဦးရေအတွက် အကုန်ပေးပြီး တယောက်တည်း လိုက်ပို့ခိုင်းလို့ရသလို ကိုယ့် တယောက်စာပဲပေးပြီးသူများနဲ့ ပေါင်းသွားလို့လည်းရပါတယ်။
Guided tours တွေကို တနေ့တာအတွက်လူဦးရေအကန့်သတ်နဲ့ လက်ခံတာဖြစ်လို့ ကြိုတင် ဘိုကင်ယူထားမှရပါတယ်။
တချို့ Tours တွေက နေ့လည်ခင်း နဲ့ ညဘက်တွေမှာဖြစ်ပြီး တချို့က မနက်ပိုင်းထွက်ကြတာဖြစ်လို့ tour တခုချင်းစီရဲ့ ကြာချိန်ကို ထည့်တွက်ပြီး မနက်ခရီး၊ နေ့ ခရီး စသည်ဖြင့် တနေ့တည်းမှာ နှစ်နေရာသုံးနေရာသွားလို့ရအောင် စီစဉ်လို့ရပါတယ်။
ရာသီဥတုပေါ်တည်လို့တချို့လေယာဉ်ခရီးစဉ်တွေနောက်ကျတတ်၊ ဖျက်သိမ်းတတ်လို့ စရောက်တဲ့နေ့ နေ့ခင်းလည်ဖို့စီစဉ်ထားလျင် မှီမမှီမသေချာပါ။
တချိ့ Tours တွေကို ရာသီဥတုမကောင်းလျင် ဖျက်တတ်ပါတယ်။ နောက်နေ့မှာငွေပြန်အမ်းမယ်ဆိုတာပါတယ်။ ခရီးပေါ်တည်လို့ငွေပြန်အမ်းတဲ့ ပေါ်လစီကွဲပါတယ်။
ကျနော်လည်ခဲ့တဲ့ ခရီးတချို့ကို ပဲဒီမှာရေးပါမယ်။ အဲဒီခရီးတွေအကြောင်း အထက်မှာတင်ထားတဲ့ ပုံတွေလည်းပါပါတယ်။
![]() |
| ၄ ညအိပ် ၅ ရက်ခရီး Itinerary |
(၁) Lang cave and Deer cave နေ့လည် ၂ နာရီခွဲမှ ၅ နာရီခွဲ + Bat Observatory(free)
နေ့လည်ခင်းသွားတဲ့ခရီးဖြစ်ပြီး နေ့လည် ၂ နာရီမှာတဖွဲ့ ၂ နာရီခွဲမှာတဖွဲ့ထွက်ပါတယ်။ ကျနော်က စိတ်ချရအောင် မနက် ၁၁:၄၀ ရောက်တဲ့ လေယာဉ်နဲ့လာပြီး ၂ နာရီခွဲအဖွဲ့ကို Book လုပ်ပါတယ်။
၂ နာရီ ၁၅ မှာ Park office ရှေ့ စုရပ်မှာ Guide ကလူစစ်၊ လိုအပ်တာတွေပါမပါမေးပြီး ခရီးစပါတယ်။
![]() |
| Park office အရှ့ လူစုတဲ့နေရာ |
သောက်ရေ၊ ခြင်မကိုက်ဆေး၊ မိုးကာ (မျက်မှန်သမားတွေ မျက်မှန်မှာရေစက်ကပ်တာကာကွယ်ရန် လျှာပါဦးထုပ် ) အဆာပြေစားစရာ၊ ခြေကုပ်ကောင်းတဲ့ ဖိနပ်၊ အားကောင်းတဲ့ ဓါတ်မီး (Headlamp ပိုကောင်း) တို့လိုပါတယ်။
ဂူအဝင်လမ်းအထိသွားတဲ့ခရီးက အခမဲ့သွားလို့ရတဲ့ ၃ ကီလိုမီတာလမ်းလျှောက်ခရီးပါ။ မြေပြင်က နှစ်ပေကျော်သုံးပေ လောက် အမြင့် သစ်သားခင်းလက်ရန်းတဘက်ပါ လျှောက်လမ်းပါ မချော်အောင် သန့်ရှင်းရေးလုပ်၊ ခြေကုပ်ကောင်းအောင် ကြမ်းတဲ့မျက်နှာပြင်ဖြစ်အောင် လုပ်ထားပါတယ်။
ကျနော်တို့နဲ့လိုက်မည့်အဖွဲ့ဝင်တချို့ လေယာဉ် မဆင်းနိုင်ဘဲ ကွင်းပြောင်းဆင်းပြီးနောက်နေ့မှရောက်မှာဖြစ်လို့ ကျနော်အပါ ၂ ယောက်ပဲပါပါတယ်။ အဲဒီနေ့လည့်ကမိုးအတော်ရွာလို့မိုးကာဝတ်သွားရပါတယ်။ လမ်းတလျှောင် စိတ်ဝင်စားစရာ အကောင်ကလေးတွေတွေ့လျင် ဂိုက်က ခဏရပ်ပြီးပြီ၊ ဓါတ်ပုံရိုက်တာကိုစောင့်ပါတယ်။
![]() |
| Lang cave & Deer Cave သွားရာလမ်း |
ဂူတွေကိုသွားတဲ့ လမ်းတွေမှာတံခါးနဲ့ အစောင့်ရှိပြီး ဂိုက်မပါဘဲသွားလို့မရပါ၊
Lang Cave မှာ နှစ်ပေါင်းရာထောင်ချီပြီး ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ ကျောက်စက်ပန်းဆွဲနဲ့ ကျောက်စက်တိုင်များရှိပါတယ်။ အလွန်လှပသောပုံသဏ္ဍန် အမျိုးမျိုးရှိပြီးကြည့်လို့ကောင်းပေမည့် အလင်းရောင် အားနည်းလို့ သဘာဝအလှပေါ်အောင် ရိုက်ရခက်ပါတယ်။ ဒီဂူကို အရင်က သမင်လိုက်မုဆိုးတွေ မိုးခို နားခိုဖို့သုံးကြတယ်ဆိုပါတယ်။
stalagmites လို့ခေါ်တဲ့ ကျောက်စက်တိုင်တွေဖြစ်ဖို့နှစ်ပေါင်းထောင်သောင်းချီကြာတယ်ဆိုပါတယ်၊။ အမြင့်တစ်စင်တီမီတာရဖို့ နှစ်တရာလောက်ကြာပါတယ်။ stalactites ကျောက်စက်ပန်းဆွဲတွေဖြစ်ဖို့က ကျောက်စက်တိုင်တွေလောက်မနှေးပေမည့် သူတို့လည်း နှစ်ပေါင်းထောင်သောင်းချီကြာပြီးမှဖြစ်လာတာပါ။ ပံထဲကလိုကျောက်စက်တိုင်အရှည်ကြီးတွေဆို နှစ်ပေါင်းသန်းနဲ့ချီပြီး ဖွဲ့စည်းခဲ့ရတာလို့ဆိုပါတယ်။ ဒါကြောင့် အဲဒီ ကျောက်စက်ပန်းဆွဲတွေ ကျောက်စက်တိုင်တွေနံရံတွေကို ထိကိုင်ခွင့်လုံးဝမပေးပါ။ သစ်သားခင်းလျှောက်လမ်းကို လက်ရန်းကာပြီး မီးခပ်ကျဲကျဲထွန်းပေးထားပါတယ်။
| Lang Cave မှ ကျောက်စက်တိုင်နဲ့ကျောက်စက်ပန်းဆွဲများ |
| Lang Cave မှ ကျောက်စက်ပန်းဆွဲများ |
| Lang Cave မှ Jelly fish ပုံ ကျောက်စက်ပန်းဆွဲများ |
| Lang Cave မှ ကျောက်စက်တိုင်နဲ့ကျောက်စက်ပန်းဆွဲများ |
Lang cave နဲ့ခပ်လှမ်းလှမ်းမှာက Deer Cave ရဲ့ ပင်မဂူဝကြီးပါ။ အဲဒီထဲဝင်ဖို့လှေကားအထစ်နည်းနည်းတက်ရပါတယ်။ ဂူထဲမှာ အတက်အဆင်းနည်းနည်းရှိပေမည့် လျှောက်လမ်းတွေကိုသေချာလုပ်ထားပြီး မီးထွန်းထားပါတယ်.
အဲဒီဂူမှာ ရေအောက် ဂူဝင်ပေါက်လည်းရှိတယ်ဆိုကပါတယ်။ ဂူအမိုးမှာ အပေါက်တွေရှိပြီး ဂူထဲမှာလင်းနို့များစွာနေကြပါတယ်။ အဲဒီလင်းနို့တွေရဲ့ချေးတွေက ဆားဓါတ်ပါလို့ သမင်တွေက လာလျက်ကြတဲ့တာကြောင့် Deer Cave လို့ခေါ်တယ်ဆိုပါတယ်။
| Deer Cave ဂူအတွင်းမှာ မီးထွန်းပေးထားသော လျှောက်လမ်း |
| Deer Cave ဂူမကြီး ထဲကလျှောက်လမ်း |
| Deer Cave ဂူဝ |
| Deer cave ဂူတွင်းမှချောင်းငယ် |
အဲဒီလင်းနို့တွေ ညဘက်အစာရှာဖို့ ဂူအမိုးအပေါက်ကနေ ပျံထွက်တဲ့အခါ လင်းယုန်လို ငှက်ကြီးတွေက သူတို့ကိုစောင့်ဖမ်းစားကြလို့ မထွက်ခင် ဂူအခန်းကျယ်ထဲမှာ အုပ်စုဖွဲ့ပြီး မှ အုပ်စုလိုက် အပြင်ကိုထွက်ကာ အဲဒီအုပ်စုကလည်း ရန်သူကိုလှည့်စားဖို့ ပုံသသဏ္ဍန်မျိုးစုံပြောင်းပြီးပျံသွားကြပါတယ်။
Bat Observatory
အဲဒီလို လင်းနို့တွေ ပုံသဏ္ဍန်မျိုးစုံပြောင်းပြီးပျံတာကို တကူးတကစောင့်ကြည့်ဖို့ ဇရပ်တစောင်နဲ့ ပွဲကြည့်စင်ဆောက်ပေးထားတာကို Bat Observatory လို့ခေါ်ပါတယ်။ ဟင်းလင်းပြင်မှာပွဲကြည့်စင်လို ခုံအဆင့်ဆင့် လုပ်ထားပေးသလို မိုးရွာလျင်မိုးခိုဖို့ အမိုးပါတဲ့ အဆောက်အဦကြီးမှာ လည်း ထိုင်ခုံတွေထားပေးပါတယ်။ အများသုံးအိမ်သာလည်းရှိပါတယ်။ လင်းနို့တွေအကြောင်းဖတ်လို့ရအောင် ပိုစတာတွေလည်းထားပေးပါမယ်။
ရာသီဥတုမကောင်းလျင် လင်းနို့တွေမထွက်တတ်သလို တခါတလေ ဘာကြောင့်မှန်းမသိဘဲ လုံးဝထွက်မလာတဲ့နေ့တွေလည်းရှိတယ်ဆိုပါတယ်။ ကျနော်တို့ဆုံခဲ့တဲ့ ပြင်သစ်မိသားစုဆို ပထမတရက်ကလာစောင့်တာ မိုးမရွာဘဲ လင်းနို့တွေမထွက်လို့ မိုးကြီးချုပ်မှ မှောင်နဲ့မည်းမည်းထဲ 3km ခရီးကို လျှောက်ပြီးပြန်သွားခဲ့ရတယ်ဆိုပါတယ်။
![]() |
| Bat Observatory နဲ့ Deer Cave ဂူအဝ |
အုပ်စုဖွဲ့ပြီး ပုံသဏ္ဍန်မျိုးစုံပြောင်းပြီးပျံကြတဲ့လင်းနို့များနဲ့ နောက်ကလိုက်နေတဲ့ လင်းယုန်ငှက်။
အလင်းရောင်အတော်အားနည်းလာတော့ မှ Park HQ တည်းခိုဆောင်ကို လာလမ်းအတိုင်း ၃ ကီလို လမ်းလျှောက်ပြန်ကြပါတယ်။
အဲဒီမှာ လင်းနို့တွေကိုလာကြည့်တဲ့ပြင်သစ်မိသားစုက အမေနဲ့အတူ တွန်းလှည်းပေါ်မှာ ၂ နှစ်ခန့်အရွယ်ကလေးတယောက်၊ ၅ နှစ်နဲ့ ၇ နှစ် အရွယ်ကလေး နှစ်ယောက် စုစုပေါင်းကလေးသုံးယောက်နဲ့ ညအမှာင်ထဲမှာ ဓါတ်မီးထွန်းပြီး ၃ ကီလိုမီတာခရီးကိုလမ်းပြန်လျှောက်ကြတာပါ။ အဲဒီကလေးတွေက အသွားအပြန် ၆ ကီလိုမီတာကိုလျှောက်ကြတာပါ။
ဒုတိယနေ့ Cave of the Winds နဲ့ Clear water cave ပါ။
အဲဒီဂူနှစ်ခုကို စက်လှေနဲ့သွားရပါတယ်။ စက်လှေခနဲ့ ဂိုက်ဖိုးပေါင်းလျင် တယောက် RM67 ဆိုပေမယ့် ကျနော်ကတော့ Camp 5 သွာဖို့စက်လှေခပေးထားပြီး လမ်းမှာဝင်တာဖြစ်လို့ ဂိုက်ဖိုး RM27 ပဲပေးရပါတယ်။
ဒီကျောက်ဂူနှစ်ခုကိုဝင်ဖို့ လှေကားတွေတော့ အတော်တက်ရပါတယ်။ ကျနော်တို့ နဲ့အတူ ပါတဲ့ နောက်တဖွဲ့က ၇ နှစ် ၈ နှစ်အရွယ်တရုပ်ကလေးတွေ အေးအေးဆေးဆေးလိုက်နိုင်ပါတယ်။
| Cave of the Winds |
ဗီဒီယိုကတော့ Cave of the Winds အဝင်စကျောက်ခွက်ကြားထဲက လင်းနို့ကလေးနှစ်ကောင်ပါ။
Cave of the Winds ထဲမှာ ကျောင်းစက်ပန်းဆွဲနဲ့ကျောက်စက်တိုင်တွေ အများကြီးရှိပြီး အတော်လှပါတယ်။ အလင်းရောင်အားနည်းသလို အချိန်လည်းသိပ်မရလို့ ပုံကောင်းကောင်းရိုက်ဖို့အခွင့်မသာခဲ့ပါ။ အထဲမှာ လေတိုက်လို့ လင်းနို့ချေးချောက်တွေ လေထဲပါလာပါတယ်. မျက်စေ့ထဲမဝင်အောင် သတိထားရလို ပန်းနာရင်ကြပ်ရှိသူ၊ အလာဂျီရှိသူတွေသတိထားစရာပါ။
Cave of the Winds အပြင်မှာ အများသုံးအိမ်သာ (အိပ်သာခွက်လက်ဆေးခွက် အသစ်တွေ) နဲ့အတူ နေ့လည်စာစားဖို့ ကပြင်အကျယ်ကြီးလုပ်ထားပေးပါတယ်. စားပွဲ၊ ထိုင်ခုံ အမိုးကလေးများပါရှိပြီး တိုးရ်အေးဂျင့်နဲ့လာသူတွေကို နေ့လည်စားကျွေးတဲ့နေရာပါ။
| Cave of the Winds ထဲမှ ကျောက်စက်ပန်းဆွဲ များ |
![]() |
| Cave of the Winds ထဲမှ ကျောက်စက်ပန်းဆွဲနှင့်ကျောက်စက်တိုင်များ |
![]() |
| Cave of the Winds ထဲမှ ကျောက်စက်ပန်းဆွဲနှင့်ကျောက်စက်တိုင်များ |
![]() |
| Cave of the Winds ထဲမှ ကျောက်စက်ပန်းဆွဲနှင့်ကျောက်စက်တိုင်များ |
![]() |
| Cave of the Winds ထဲမှ ကျောက်စက်ပန်းဆွဲနှင့်ကျောက်စက်တိုင်များ |
![]() |
| Cave of the Winds အပြင်ဘက် နေ့လည်စာစားရန်နေရာ |
![]() |
| Cave of the Winds အပြင်ဘက် လှေဆိပ်၊ အိမ်သာက ဘယ်ဘက်မှာပါ။ |
Clear water cave အဝင်ကိုလည်း လှေကားအတော်မြင့်မြင့်တက်ရပါတယ်။
![]() |
| Clear Water Cave အဝင်ဝရှိ အရွက် တရွက်သာရှိသော Monophyllea မျိုးစိပ်ဝင်အပင်များ |
Clear Water Cave
|
![]() |
| Clear Water Cave |
| Clear Water Cave အရှည် 236.796 km (147.138 mi) |
Clear Water Cave က လှိုင်ဂူများတခုနဲ့တခုဆက်နေတဲ့ ကမ္ဘာ့ အကြီး ဆုံးလှိုင်ဂူစနစ်တခုဖြစ်ပြီး ကမ္ဘာမှာ ကိုးခုမြောက် ( ၂၀၂၀ အထိ) အရှည်ဆုံးဂူလို့ဆိုပါတယ်။ 236.796 km (147.138 mi) ရှည်ပါတယ်။ အဲဒီဂူထဲမှာလည်း ကျောက်စက်ပန်းဆွဲနဲ့ကျောက်စက်တိုင်တွေရှိကြပြီး သူ့ထဲမှာဖြတ်စီးနေတဲ့ချောင်းတခုလည်းရှိပါတယ်။ တချို့နေရာတွေမှာ အမိုးကျောက်သားကျနေ ရေစိမ့်ပြီး ရေပန်းကရေကျသလိုကျနေတာတွေရှိပါတယ်။ Camp 5 ကို ခရီးမဆက်မည့်သူတွေ ရေချိုးလို့ရတယ်ဆိုပါတယ်။
Canopy walkway
တယောက်ကို RM 48 ပေးရတဲ့အဲဒီခရီးက မနက် ၇ နာရီကနေ နေ့လည် ၁၂ နာရီခွဲအထိ တနေ့ကို ၆ ကြိမ် ( သောကြာနေ့မှာ မနက်စော ၂ ချိန် မထွက်) ရှိပါတယ်။ ကျနော် ၈ နာရီခွဲ အဖွဲ့နဲ့သွားပြီး အပြန်မှ လေဆိပ်ဆင်းတာတောင် အချိန်ပိုပါတယ်။
မြေပြင်ကနေ ပေ ၈၀ ကျော် အမြင့်မှာ သစ်ပင်ကြီး တွေတပင်ကနေတပင် သွယ်တန်းထားတဲ့ ကြိုးတံတားများ စုစုပေါင်း ၄၈၀ မီတာ(ပေ ၁၅၀၀ ကျော်) အရှည်ရှိ Canopy walkway က ကမ္ဘာမှာ သစ်ပင်တွေကြားသွယ်ထားတဲ့ အရှည်ဆုံးကြိုးတံတားတွေထဲမှာ တခုပါဝင်တယ်ဆိုပါတယ်။ တံတားအရေအတွက်ကို မရေတွက်ခဲ့မိပါ ၁၇ စင်းလို့ထင်ပါတယ် တံတားတခုပေါ်မှာ လူနှစ်ယောက်ထက် ပိုမရှိရ။ တံတားတွေအကြားသစ်ပင်ပတ်လည်းမှာ ရှုခင်းကြည့်ဖို့လုပ်ထားတဲ့ စင်ပေါ်မှာ လူလေးယောက်ထက်မပိုရ စသည်ဖြင့်သတ်မှတ်ထားလို့ လည်ပတ်သူတစု တဘက်စွန်းကနေ နောက်တဘက်ထိရောက် ဖို့အချိန်အတော်ကြာပါတယ်။ ကိုယ့်အရှေ့ကလူတွေရှင်းအောင်စောင့်ရင်း ဘေးဘီ ဘယ်ညာ၊ အောက် စသည်ဖြင့်ရှူခင်းကြည့်လို့ရပါတယ်။ အမြင့်ကြောက်သူများ လုံးဝမသွားသင့်ပါ။
အဲဒီတံတားတွေဆီကိုတက်တဲ့မျှော်စင်ကိုရောက်ဖို့ Park HQ ကနေ ၂ ကီလိုမီတာလောက်လမ်းလျှောက်ရပါတယ်။ Deer Cave သွားတဲ့လမ်း မဆုံးခင်မှာ ခွဲသွားတာပါ။ ကြိုးတံတားတွေအောက်မှာ Paku water fall သွားတဲ့လမ်းရှိပါတယ်။
![]() |
| ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ ရေပိုက်ခေါင်း |
ကြိုးတံတားပေါ်မှာရေညှိတင်ပြီးချော်တာမရှိပါ။ ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ ရေပိုက်ကို တခါတည်းထည့်ပေးထားပါတယ်။ ကျနော်တို့အဖွဲ့ လူစုံတော့ဂိုက်ကနောက်ဆုံးကနေ အဆင်းမျှော်စင်တံခါးကို ပိတ်ပြီးဆင်းပါတယ်။ အဲဒီအချိန်မှာ အနောက်ကအဖွဲ့ကတော့ ကြိုးတံတားတွေပေါ်ရောက်နေပါပြီ။
ကျနော်မသွားခဲ့တဲ့ တခြား Guided tours တွေကျန်သေးလို့ လည့်ပတ်နိုင်တဲ့ နေရာတွေကိုဒီလင့်မှာ Tours and activities အောက်မှာ ကြည့်နိုင်ပါတယ်။
ပိုက်ဆံပေးရတဲ့ Guided tours တွေအကြောင်းပြီးတဲ့နောက် ပိုက်ဆံမပေးရဘဲ အလကားလျှောက်ကြည့်လို့ရတဲ့ Unguided tours တွေ အကြောင်းကို အပိုင်း ၃ မှာဆက်ရေးပြီးတင်ပေးပါမယ်။
ဖိုးသုည
5-07-2023
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၁ ) The Pinnacles သို့ တောင်တက်ခရီးသွားခြင်း
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၂) ဂိုက်နဲ့မှ သွားလည်ရသောနေရာများ
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃) အခမဲ့ လည်နိုင်သောနေရာများ။


























Comments
Post a Comment