သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ ထိုင်ဝမ်နိုင်ငံသို့ ဝင်ရန် Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင်

သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ  ထိုင်ဝမ်နိုင်ငံသို့ ဝင် ရန်  Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင်

မြန်မာနိုင်ငံသားတွေထိုင်ဝမ်ကိုဝင်ခွင့်ဗီဇာကို လျှောက်နိုင်တဲ့ ထိုင်ဝမ် စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ရုံးကို အမှတ် ၉၇/၁၀၁ (အေ)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာ ၂၀၁၆ မတ်လကစလို့ပြန်ဖွင့်ခဲ့ပြီးဖြစ်ပါတယ်။

ပုံမှန် ဗီဇာလျှောက်မယ်ဆိုလျင်

အဲဒီရုံးရဲ့  website လင့် https://www.roc-taiwan.org/mm_mm/cat/11.html မှာ ဗီဇာလျှောက်ဖို့လမ်းညွှန်ချက်နဲ့ လင့် https://visawebapp.boca.gov.tw/BOCA_EVISA/ တွေရှိပါတယ်။ ပွဲစားမလိုပဲ အဲဒီရုံးမှာကိုယ်တိုင်လျှောက်နိုင်ပါတယ်။

အဲလိုလျှောက်ဖို့လိုတဲ့ စာရွက်စာတန်းတွေကို ဒီလင့်မှာ ဒေါင်းပြီး ဖတ်လို့ရပါတယ်။
https://www.roc-taiwan.org/uploads/sites/238/2016/10/%E7%B0%BD%E8%AD%89%E6%87%89%E7%B9%B3%E6%96%87%E4%BB%B6.pdf

သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ  Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင် ( ၁၅မိနစ်အတွင်းအကုန်ပြီး)

၂၀၁၇ ဇွန်လ ၂ ရက်မှာတော့ မြန်မာအပါအဝင် ၇ နိုင်ငံကနိုင်ငံသားတွေ သူတို့သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီလျင် ထိုင်ဝမ်နိုင်ငံသို့ ဝင် ရောက်ရန် Travel Authorization Certificate ကို အွန်လိုင်းကနေ https://niaspeedy.immigration.gov.tw/nia_southeast/ ဝဘ်ဆိုဒ်မှာလျှောက်လို့ရပြီလို့ကြေငြာပါတယ်။

Travel Authorization Certificate ဆိုတာ ထိုင်ဝမ်နိုင်ငံသို့  ဗီဇာကင်းလွတ် ပြည်ဝင်ခွင့် လက်မှတ်ပါ။ 

ကြေငြာချက် အပြည့်အစုံ (၂၀၁၉ စက်တင်ဘာမှာ လိုအပ်ချက်တွေကို ပြန်ပြင်ထားပါတယ်။) ကိုဒီလင့်မှာ ဖတ်လို့ရပါတယ်။
https://www.roc-taiwan.org/mm_mm/post/197.html


မိမိလျှောက်တာ ကိုလက်ခံလို့အတည်ပြုပေးလျင် Travel Authorization Certificate (TAC)ကိုချပေးတာဖြစ်ပြီး အဲဒါကို ပရင့်ထုတ်ထားပြီး ထိုင်ဝမ်ကိုဝင်တဲ့ ထွက်တဲ့အခါ ပတ်စ်ပို့နဲ့အတူ ပြရမှာပါ။
အဲဒီ Travel Authorization Certificate လျှောက်ဖို့ အကြုံးမဝင်သူတွေနဲ့၊ လျှောက်သော်လည်း ငြင်းပယ်ခံရသူတွေကတော့ ပုံမှန်အတိုင်း သူတို့နိုင်ငံရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှူ ကောင်စစ်ရုံး ( သံရုံး အစား) တွေကိုသွားလျှောက်ပြီး ဗီဇာလျှောက်ရမှာပါ။
(TAC) လျှောက်ထားခြင်း , အတည်ပြုခြင်း အဆင့်ဆင့် 


ဘယ်လိုသူတွေ လျှောက်ခွင့်ရှိသလဲ

လိုအပ်ချက် ၂ မျိုးရှိပါတယ်။ 

၁။ အခြေခံအချက်အလက် သုံးခု( အချက် အလက် သုံးခုလုံးနဲ့ကိုက်ညီရမည်):

  1. အသုံးပြုသောနိုင်ငံကူးလက်မှတ်သည် ၆လ သက်တမ်းအထက်ရှိရမည်(ဆိုလိုသည်မှာ ထိုင်ဝမ်ဝင်ချိန်တွင် ရှိရမည့်သက်တမ်းဖြစ်သည်, အင်တာနက်ပေါ်တွင်သွားလျှောက်ချိန်က သက်တမ်းမဟုတ်ပါ)။
  2. အပြန်လေယာဉ်လက်မှတ်,သင်္ဘောလက်မှတ်, သို့မဟုတ် နောက်သွားမည့်နေရာ၏ လေယာဉ်လက်မှတ် ,သင်္ဘောလက်မှတ်.
  3. ယခင်ထိုင်ဝမ်တွင် အလုပ်ကြမ်းနှင့် အလုပ်ခန့်ထားခံဘူးခြင်းမရှိသူ.


၂။ အထူးအချက်အလက် ၂ ခု (အောက်ပါအချက်အလက်များထဲမှ တစ်ခုသာလိုအပ်မည်):

အထူးအချက်အလက် ၁,

1. လက်ရှိအခုချိန်တွင် အမေရိကန်,ကနေဒါ, ဗြိတိသျှ, ဂျပန်, သြစတြေလျ, နယူူးဇီလန်, ကိုရီးယား, အီးယူူနိုင်ငံ, အထဲမှ နိုင်ငံတစ်နိုင်ငံ၏ 

(a)ယာယီ သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား : (သို့မဟုတ်) 
(b)သက်တမ်းရှိ ဆဲ ဗီဇာ(အီးဗီဇာအပါအဝင်) (သို့မဟုတ်) 
(c)သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော နေထိုင်ခွင့်ကဒ်ပြား သို့မဟုတ်ဗီဇာ. (ပြည်ဝင်ချိန်တွင် တင်ပြရမည် မပြနိုင်ပါကပြည်ဝင်ခွင့်ပြုမည်မဟုတ်ပါ)
※လက်ရှိ သြစတြေလျ, နယူူးဇီလန်နိုင်ငံ၏ e-ဗီဇာဖြင့်လျှောက်ထားလျှင် ၎င်းe-ဗီဇာသည် သက်တမ်းမ ကုန်သေးသော ဗီဇာဖြစ်ရမည်။
※ဂျပန်ဗီဇာဖြင့်လျှောက်ထားသူသည် ဂျပန်န်ုင်ငံကိုဝင်ထားသည့်မှတ်တမ်း သို့မဟုတ် ဂျပန်သို့သွားမည့် လေယာဉ်(သင်္ဘော) လက်မှတ်ပြရမည်.

အထူးအချက်အလက် ၂

2. ယခုတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်းကထုတ်ပေးသော ထိုင်ဝမ်ဗီဇာ သို့မဟုတ်ထိုင်ဝမ် နေထိုင်ခွင့်ကဒ် ပြားကိုင်ဆောင်ထားပြီး ပြစ်မှုကျူးလွန်းခြင်းမရှိသူ; ကိုင်ဆောင်ထားသော ထိုင်ဝမ်ဗီဇာမှတ်ချက်ပေါ်တွင် 「FL」(ရွေ့ပြောင်းလုပ်သား),「X」(အခြား) ,「P」with Special Permission from MOFA (「Kuan-Hong Project」စာရွက်စာတမ်း သို့မဟုတ် e-ဗီဇာသည် အရင်ပုံစံအတိုင်း ) သို့မဟုတ်နေထိုင်ခွင့်ကဒ် ပြားပေါ်တွင် (ရွေ့ပြောင်းလုပ်သား) ဖြင့်ရေးထားလျှင်လျှောက်လို့မရပါ.

ဥပမာများ 

ဥပမာ ၁။  အမေရိကန် မှာ အမြဲနေထိုင်ခွင့် Green card  ရရှိထားပြီး အဲဒီကဒ်က ၂၀၁၇ ဩဂုတ်လ ၂၁ ရက်မှာ သက်တန်းကုန်သွားတဲ့ မြန်မာတယောက် ထိုင်ဝမ်ကို ၂၀၂၀ မတ်လ ၂ ရက်မှာ ဝင်ချင်တယ်။ သူ့ကဒ် သက်တန်းကုန်တာ သူထိုင်ဝမ်ကိုဝင်မယ့်ရက်မှာ ၂နှစ်နဲ့ ၆လခွဲပဲရှိသေးလို့ သတ်မှတ်ထားတဲ့ "သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော နေထိုင်ခွင့်ကဒ်ပြား"ဆိုတဲ့ လိုအပ်ချက်ပြည့်မှီလို့ အထက်မှာ ဆိုထားတဲ့ Travel Authorization Certificate ကို အွန်လိုင်းကနေ လျှောက်ခွင့်ရှိပါတယ်။


ဥပမာ ၂ ။ မြန်မာတယောက်  ၂၀၁၇ တုန်းက အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ရထားတယ်။
အဲဒီဗီဇာရှိတဲ့ ပါစ့်ပို့အဟောင်းက လက်ထဲမှာ ရှိသလို၊ လက်ရှိပါစ့်ပို့နဲ့ အဲဒီပါ့စ်ပို့ ကူးပြောင်းတဲ့ မှတ်တမ်းလည်း စာအုပ်ထဲမှာရေးထားတယ်။
သူကထိုင်ဝမ်ကို ၂၀၂၀ မတ်လ ၂၀ ရက်မှာ ဝင်ဖို့ စီစဉ်ထားတယ်။
အဲဒီ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာသက်တန်းကုန်တဲ့ရက်က ၂၀၁၇  စက်တင်ဘာ ၅ ရက်ဖြစ်ပြီး သူ ထိုင်ဝမ်ကို ဝင်ချင်ထဲ့ ၂၀၂၀ မတ်လ ၂၀ ရက်မှာ သက်တန်းကုန်ပြီးတာ ၂နှစ်နဲ့ ၆လဆိုတော့  ၁၀ နှစ် မပြည့်သေးဘူး။ သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော ဗီဇာ ရှိတဲ့အတွက် အဲဒီဗီဇာကို ရည်ညွှန်း အကြောင်းပြုပြီး Travel Authorization Certificate ကို အွန်လိုင်းကနေ လျှောက်ခွင့်ရှိပါတယ်။





ဥပမာ ၃။  

ကျနော့ မှာ ၂၀၁၅ တုန်းက ထိုင်ဝမ်ဗီဇာတခုရထားဖူးပါတယ်။ ကျနော်ကထိုင်ဝမ်ကို ၂၀၂၀ မတ်လ ၂၀ ရက်မှာ ဝင်ဖို့ စီစဉ်ထားတယ်။

အဲဒီ ထိုင်ဝမ် ပြည်ဝင်ခွင့်ဗီဇာကိုထုတ်ပေး တဲ့ရက်က ၂၀၁၅ မေ ၂၂ ရက် ဆိုတော့ ကျနော် ထိုင်ဝမ်ကို ဝင်ချင်ထဲ့ ၂၀၂၀ မတ်လ ၂၀ ရက်မှ  ၁၀ နှစ် မပြည့်သေးဘူး။ ဗီဇာပေါ်မှာ USED ဆိုတာထုထားတယ်၊ VOID တို့ CANCELLED တို့ မဟုတ်ဘူး။  [FL}], [X], တို့မပါဘူး [P] ဆိုတာပါပေမယ့် with Special Permission from MOFA ဆိုတာ မပါဘူး  
အထူးအချက် အလက် ၂  "ယခုတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်းကထုတ်ပေးသော ထိုင်ဝမ်ဗီဇာ ကိုင်ဆောင်ထားပြီး " နဲ့ကိုက်ညီတဲ့အတွက် အဲဒီဗီဇာကိုရည်ညွှန်းပြီး Travel Authorization Certificate ကို အွန်လိုင်းကနေ လျှောက်ခွင့်ရှိပါတယ်။


ဥပမာ ၄။ 
 မြန်မာနိုင်ငံသားတယောက် ထိုင်ဝမ်နိုင်ငံနေထိုင်ခွင့်ရထားတယ်။ အဲဒီကဒ်ကို  ၂၀၁၆ ဇန္နဝါရီလ ၂၈ ရက်မှာ ထုတ်ပေးခဲ့တယ်။ ၂၀၁၉  နှစ်ဆန်းမှာ သက်တန်းကုန်သွားပြီ.။
ထိုင်ဝမ်ကို ဝင်ချင်ထဲ့ ၂၀၂၀ မတ်လ ၂၀ ရက်မှာ အဲဒီကဒ်ကိုထုတ်ပေးတဲ့ကာလ ၁၀ နှစ် မပြည့်သေးဘူး။
အထူးအချက် အလက် ၂ "ယခုတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်းကထုတ်ပေးသော ထိုင်ဝမ်ဗီဇာ သို့မဟုတ်ထိုင်ဝမ် နေထိုင်ခွင့်ကဒ် ပြားကိုင်ဆောင်ထားပြီး"  ဆိုတဲံ့အချက်နဲ့ကိုက်ညီတဲ့အတွက် အဲဒီဗီဇာကိုရည်ညွှန်းပြီး Travel Authorization Certificate ကို အွန်လိုင်းကနေ လျှောက်ခွင့်ရှိပါတယ်။


သတိထားရမည့်အချက်များ

*နေထိုင်ခွင့်သက်တမ်း ၁၄ ရက်၊ ပြည်ဝင်ခွင့်လက်မှတ် သက်တမ်းရက် ၉၀။ပြည်ဝင်ခွင့်လက်မှတ် သက်တမ်းမပြည့်မှီ(၇)ရက်အလိုတွင် အသစ်ပြန်လည်လျှောက် ထားနိုင်သည်။ သက်တမ်းအတွင်း ထပ်ခါထပ်ခါ အသုံးပြုနိုင်သည်။
*ဖြည့်စွတ်မှုမှားယွင်းပါက ချက်ချင်းအသစ်ပြန်လည်လျှောက်ထားနိုင်သည်။
*တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့်လျှောက်ထားရမည်။ ယာယီ၊အရေးပေါ်နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားမဝင်သောစာရွက်စာတမ်း နှင့် လျှောက်ထားလို့မရ။
*တရားဝင်ဗီဇာအသုံးပြုသူဖြစ်ရမည်။ အလုပ်အကိုင်ပါမစ် သို့မဟုတ် အခြားသောနည်းတူစာရွက်စာတမ်းများ အသုံးပြု၍မရ။
*အထက်ပါနိုင်ငံများ၏ ဗီဇာပေါ်တွင် VOID, CANCELLED သို့မဟုတ် CANCELLED WITHOUT PREJUDICE တံဆိပ်တုံးများထုထားပါက လျှောက်လို့မရပါ။
*သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော နေထိုင်ခွင့်ကဒ်ပြား သို့မဟုတ် ဗီဇာ ဆိုလိုသည်မှာ ယင်း ကဒ်ပြား သို့မဟုတ်ဗီဇာ သက်တမ်းပြည့်ပြီးရက်မှစ၍ (အကယ်၍၎င်းကဒ်ပြားသည် သက်တမ်းကုန်ဆုံး ရက်မပါပါက ကဒ်ပြားစတင်ထုပ်ပေးသောရက်ကိုမှတ်ယူမည်) ထိုင်ဝမ်ဝင်မည့်ရက်နှစ်ခုကြား ဆယ်နှစ်အတွင်း မကျော်ရ.
*အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားပေါ်တွင် သက်တမ်းကုန်ဆုံးရက်မပါပါက ၎င်းကဒ်ပြား၏ကုန်ဆုံးရက်ကို [9999ခုနှစ်/12လ/31ရက်] နှင့်အစားထိုးရမည်.
*ခွင့်ပြုဗီဇာကို လေဆာမိတ္တူစက်ဖြင့် ကူးယူရန်အကြံ ပြုသည်.

*အင်ဒိုနီးရှားနိုင်ငံသားများ ဂျာပန်နိုင်ငံမှ ထုတ်ပေးသော Japan Visa Waiver Registrationကိုကိုင်ဆောင်ထားသူသည် ဤလျှောက်လွှာလျှောက်ထားလို့ရသည်။

လျှောက်ထားခြင်း 

https://niaspeedy.immigration.gov.tw/nia_southeast/ဆိုဒ်ကိုဝင်ပါ။

ညွှန်ကြားချက်တွေကို ကိုယ် ဖတ်ချင်တဲ့ဘာသာစကားကိုရွေးပါ။
လုပ်ငန်းစဉ်ကိုပြတဲ့ပုံအပြီးမှာ ဒီလိုလျှောက်ထားတာတဲ့ပတ်သက်တဲ့ရှင်းလင်းချက်ကိုကိုယ်ရွေးထားတဲ့ဘာသာစကားနဲ့ပြပါတယ်.


အဲဒီနောက်မှာတော့ ဗီဇာပုံစံကိုဖြည့်ရပါတယ်

ဖြည်ရမည့်အချက်အလက်တွေကတော့
(ဖြည့်တဲ့အကွက်ယာဘက်မှာ အောက်စိုက်မြှားကလေးရှိလျင် အကွက်ထဲမှာ ကလစ်နှိပ်၍ ပေါ်လာသောစာရင်းမှ ရွေးပေးပါ သို့မဟုတ် မိမိရှာလိုတဲ့စာလုံး၏အစ ၂လုံးသုံးလုံး ဥပမာ  Myanmar ကို mya လို့ရိုက်ရှာပြီး ရွေးပေးပါ။

  • မည်သည့်နိုင်ငံသား
  • မိမိအမည်ကိုအင်္ဂလိပ်လိုရေးပေးရာမှာတော့ Surname နဲ့ Given names ဆိုတာက ပြသနာပေးနိုင်ပါတယ်.
  • မျိုးရိုးနာမည်မရှိတဲ့မြန်မာနာမည်တွေကို Surname နဲ့ Given names ဖြည်ရာမှာ အမြဲတစေ တသမတ်တည်းဖြစ်အောင်ဖြည့်တာကောင်းပါတယ်၊။ အရင်ကဖြည့်ထားတဲ့ မှတ်တမ်းအဟောင်းကိုကြည့်ပြီးတူအောင်ဖြည့်ပါ။
  • ပါ့စ်ပို့နံပတ်
  • မွေးသက္ကရာဇ် ( ထိုင်ဝမ်က အမေရိကန်စနစ်သုံးလို့  ခုနှစ်၊ လ၊ ရက် ဆိုတဲ့အစီအစဉ်နဲ့ရေးပါတယ်.။
  • ကျား/ မ
  • ထိုင်ဝမ်ကိုဝင်မည့်လေယာဉ် / သင်္ဘောခရီးစဉ် အမှတ်
  • ထိုင်ဝမ်ကိုဝင်မည့် ခန့်မှန်းရက်စွဲ
  • မိမိအလုပ်အကိုင် ညာဘက် ကမျှားကိုနှိပ်ပြီးရွေးပါ
  • လာရောက်သည့်ရည်ရွယ်ချက်
  • မိမိနေရပ်နိုင်ငံကိုရွေးပါ
  • နေရပ်လိပ်စာကိုဖြည့်ပါ
  • ထိုင်ဝမ်တွင်တည်းမည့်လိပ်စာ / ဟိုတယ်အမည်
  • မိမိဖုန်းနံပတ်
  • အီးမေးလ်းလိပ်စာ ။ မရှိလျင်  Nil  ကို အမှတ်ခြစ်ပါ
  • ဘာအထောက်အထားကိုညွှန်းပြီး လျှောက်သည်ကိုဖေါ်ပြရန် (အမြဲနေထိုင်ခွင့် ပီအာ / ဗီဇာ)
  • ရည်ညွှန်းအထောက်အထားကို ထုတ်ပေးသည့်နိုင်ငံ
  • အဆိုပါ ရည်ညွှန်းအထောက်အထား ပီအာ/ ဗီဇာ နံပတ်


အားလုံးဖြည့်ပြီးလျှင် Next ကိုနှိပ်ပါ
ကိုယ်ဖြည့်ထားတာတွေကိုပြန်ပြပြီး စစ်ဆေးဖို့အခွင့်အရေးပေးတာပါ။
ပြင်ဖို့လိုလျှင် Back ကိုနှိပ်ပြီး ပုံစံဖြည့်တဲ့စာမျက်နှာကိုပြန်သွားပြီး ပြင်လို့ရပါတယ်။
အားလုံးမှန်လျှင် Valiated code ဆိုတဲ့နေရာက ပြထားတဲ့ စာလုံးတွေကိုပေးထားတဲ့ကွက်လပ်ထဲကူးထည့်ပြီး  Submitကိုနှိပ်ကာလျှောက်လွှာကိုတင်ပါ။
အားလုံးအဆင်ပြေလျင်  Approved ဆိုပြီး ပြပါတယ်။
အဲဒီစာမျက်နှာအောက်မှာ Print ကိုနှိပ်ပြီး ကျလာတဲ့  Travel Authorization Certificate PDF ဖိုင်ကိုသိမ်းပါ။  ထိုင်ဝမ်ဝင်လျင်ပြဖို့ တစောင်ကို ပရင့်ထုတ်ထားပါ။
လျှောက်လွှာဖြည့်ခြင်း

Travel Authorization Certificate

ထိုင်ဝမ်ကိုမဝင်ခင် https://acard.immigration.gov.tw/nia_acard မှာ ဆိုက်ရောက်ကဒ် Arrival card ပုံစံဖြည့်ထားပါ။
ဆိုက်ရောက်ကဒ်ကို အွန်လိုင်းမှာကြိုတင်ဖြည့်ပုံ
ကိုယ့်လျှောက်လွှာကို လက်မခံလျင်တော့ နီးစပ်ရာ ထိုင်ဝမ် စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ရုံးကိုသွားလျှောက်လို့ရပါသေးတယ်။ 

ထိုင်ဝမ်ကိုဝင်တဲ့အချိန်မှာ

၁။  သက်တန်း ၆ လ အနည်းဆုံးရှိတဲ့ တရားဝင် ပါ့စ် ပို့ရယ်။
၂။ ပရင့်ထုတ်ထားတဲ့ Travel Authorization Certificate လည်းပြရမယ်။
၃။  Travel Authorization Certificate လျှောက်စဉ်က ရည်ညွှန်းထားတဲ့ နေထိုင်ခွင့်ကဒ် (သို့) ဗီဇာ
ဥပမာများတွင် အမေရိကန် အမြဲတန်းနေထိုင်ခွင့်ကဒ် (သို့) အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ပါတဲ့ ပါ့စ်ပို့စာအုပ် (သို့) ထိုင်ဝမ် ဗီဇာအဟောင်း (သို့)  ထိုင်ဝမ်မှာနေထိုင်ခွင်အဟောင်း တို့ကိုပြရမယ်။ ဗီဇာတွေက တခြားစာအုပ်ထဲမှာဆို အဲဒီစာအုပ်ကနေ လက်ရှိကိုင်နေတဲ့ ပါ့စ်ပို့စာအုပ်ကို ကူးပြောင်းပါတယ်ဆိုတာအထောက်အထားရှိရမယ်။
၄။ အပြန် လေယာဉ် / သင်္ဘောလက်မှတ် ( သို့) တခြားနိုင်ငံကိုဆက်သွားမယ့် လေယာဉ် / သင်္ဘောလက်မှတ် ။
၅။ အွန်လိုင်းကနေ ဆိုက်ရောက်ကဒ်လျှောက်ထားပြီးသားဖြစ်နေရမယ်။



ဖိုးသုည
06/01/2020



Comments

Popular posts from this blog

Climbing Mt Kinabalu ( မလေးရှားနိုင်ငံရှိအမြင့်ဆုံးတောင် ကင်နာဘာလူးတောင်တက်ခရီး)

Gunung Mulu National Park ရှိ The Pinnacles သို့ တောင်တက်ခရီးသွားခြင်း

Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃)၊ အခမဲ့ လည်နိုင်သောနေရာများ