မြန်မာနိုင်ငံသားများနဲ့ ဘရူနိုင်းနိုင်ငံပြည်ဝင်ခွင့်
မြန်မာနိုင်ငံသားများနဲ့ ဘရူနိုင်းနိုင်ငံပြည်ဝင်ခွင့်
နိုင်ငံခြားသားတယောက်ဟာ အမြဲတန်းနေထိုင်ခွင့် Permanent residency မရထားတဲ့ နိုင်ငံတခုကိုဝင်တဲ့အခါ အဓိက လိုအပ်ချက် သုံးခုရှိပါတယ်။
(၁) Travel Document, (Passport, Certificate of Idendity စသည်ဖြင့်။ )
(၂) တိုင်းပြည်တွင်းသို့ဝင်ရောက်ခွင့် ဗီဇာ Visa နဲ့
(၃) တိုင်းပြည်အတွင်းကာလတခုအထိ နေထိုင်ခွင့်ပါမစ် (permit/ pass စသည်ဖြင့်ခေါ်ပါတယ်။ )
ဒီနေရာမှာ နံပတ် ၂ ပြည်ဝင်ခွင့် ဗီဇာနဲ့ ၃ နေထိုင်ခွင့် pass/ permit တို့ဟာမတူဘူးဆိုတာကို လူအတော်များများကသတိမပြုမိကြတာကိုသတိထားမိပါတယ်။
နိုင်ငံအလိုက် သူတို့ဥပဒေအလိုက် အဲဒီဗီဇာ နဲ့ နေထိုင်ခွင့်ပါမစ် အမျိုးစား၊ လိုအပ်ချက်၊ ထုတ်ပေးပုံတွေ မတူပါဘူး။
Travel Document, Passport
ကျနော်တို့ကိုင်တဲ့ပါစ့်ပို့တွေကိုလည်း အခြေခံအားဖြင့် အမျိုးစားခွဲခြားထားတာက သုံးမျိုးပါ၊
(၁) Diplomatic passport ဆိုတဲ့ သံတမန်ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ ပါ့စ်ပို့ အပြာ
(၂) Official passport ( အစိုးရကတရားဝန်တာဝန်နဲ့ပြည်ပခရီးကိုစေလွှတ်ခံရတဲ့ ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ စာအုပ်အစိမ်း)
(၃) Ordinary passport ဆိုတဲ့ သာမန်ပြည်သူတွေကိုထုတ်ပေးတဲ့ စာအုပ်အနီပါ။
Ordinary passport နဲ့ ဘရူနိုင်းကိုလာမယ်ဆိုလျင်
Ordinary passport ဆိုတဲ့ သာမန်ပြည်သူတွေကိုထုတ်ပေးတဲ့ စာအုပ်အနီကိုင်မြန်မာနိုင်ငံသားတွေ ဘရူနိုင်းနိုင်ငံကိုလာတဲ့အခါ ဝင်ရောက်နိုင်ပုံ နှစ်မျိုးရှိပါတယ်။
(၁) ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်အရ ဗီဇာမယူထားဘဲဝင်ရောက်လို့ရတာရှိပါတယ်။
(၂) ဗီဇာကိုကြိုတင်လျှောက်ထားပြီး အတည်ပြုချက်ရမှ ဗီဇာနဲ့ ဝင်ရတာရှိပါတယ်။
ဒီလို ဗီဇာနဲ့ ဝင်ရာမှာ
(က) မြန်မာအပါအဝင် နိုင်ငံတကာမှာရှိတဲ့ ဘရူနိုင်းသံရုံး (သို့) High commission တွေမှာ ဗီဇာကိုလျှောက်ထားပြီး သူတို့က ဗီဇာကို ပါ့စ်ပို့ထဲ ရိုက်နှိပ်ပေးကာ အဲဒီဗီဇာသက်တန်းမကုန်မီ ဘရူနိုင်းကို ဝင်ရောက်ရတာရှိသလို
(ခ) Visa on Arrival ဆိုက်ရောက်ဗီဇာ ကို ဘရူနိုင်းမှာရှိသူတဦးဦးက ကြိုတင်လျှောက်ထားပြီး အတည်ပြုချက်ရမှ အဲဒီအတည်ပြုချက်စာရွက်ကို တပါတည်းယူဆောင်ကာ ဘရူနိုင်းလေဆိပ်မှာ ပါ့စ်ပို့နဲ့အတူ ပြသပြီး ဗီဇာကြေးပေးကာဝင်ရတာလည်းရှိပါတယ်။
ကိုဗစ်ကပ်ကြီး နောက်ပိုင်းမှာတော့ Visa လိုအပ်သူအားလုံးလိုလိုကို VOA ပဲ ထုတ်ပေးတယ်လို့ကြားပါတယ်။
ဒီနေရာမှာ ကျနော် တို့မြန်မာတွေအကြား အဲဒီလို ဗီဇာကင်းလွတ်ခွင့် Visa Waiver နဲ့လာတာကို ဆိုက်ရောက်ဗီဇာ Visa on Arrival ( VOA) နဲ့ ရောပြီး ပြောကြ အမှတ်မှားကြတာတွေ့ရပါတယ်။
Visa Waiver ဗီဇာကင်းလွတ်ခွင့်
ဘရူနိုင်းနဲ့မြန်မာ အပြန်အလှန်သဘောတူညီချက်အရ ၂၀၁၄ ခု စက်တင်ဘာလ တစ်ရက်က စလို့ သာမန်ပါစ့်ပို့ကိုင် မြန်မာနိုင်ငံသားတွေ ဘရူနိုင်းနိုင်ငံကိုလာတဲ့အခါ ဗီဇာကင်းလွတ်ခွင့်နဲ့ ၁၄ ရက် နေထိုင်ခွင့်ရပါတယ်။ မြန်မာနိုင်ငံက ဘရူနိုင်းနိုင်ငံရဲ့ ဗီဇာကင်းလွတ်ခွင့်ရ Category D3 နိုင်ငံစာရင်းထဲပါသွားလို့ ခရီးထောက်ဗီဇာ Transist visa လည်း မလိုတော့ ပါ။
အဲဒီလို လာတဲ့အခါ လိုအပ်ချက်ပြည့်မီလျင် လေဆိပ် (သို့) နယ်စပ် Passport control post မှာနေထိုင်ခွင့် ၁၄ ရက်ကို ပါ့စ်ပို့ထဲ ရိုက်နှိပ် ပေးလိုက်ပြီး၊ ဗီဇာမလိုလို့ ဗီဇာကြေးပိုက်ဆံလည်း တပြားမျှပေးစရာမလိုပါ။
ဒီလို ဗီဇာကင်းလွတ်ခွင့် နဲ့ ဝင်ရောက်လာနိုင်ဖို့ လိုအပ်ချက်တွေရှိသလို အကန့်အသတ်တွေလည်းရှိပါတယ်။
- ဒီလိုဝင်ရောက်လာတဲ့အခါ ပါ့စ်ပို့က သက်တန်း အနည်းဆုံး ၆ လ ရှိနေဖို့လိုပါတယ်။
- ၁၄ ရက်အတွင်း ဘရူနိုင်းက ပြန်လည်ထွက်ခွာဖို့ အပြန် သို့မဟုတ် ခရီးဆက်ဖို့ လေယာဉ်လက်မှတ်။
- နိုင်ငံအတွင်းမှာနေထိုင်လည်ပတ်စဉ် နေထိုင်တည်းခိုမည့်နေရာ အထောက်အထား၊ သုံးစွဲဖို့လုံလောက်တဲ့ ငွေကြေးပမာဏ စသည်တို့ကို ပြခိုင်းလျင်ပြနိုင်ရပါမယ်။
* ဒီလို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်တဲ့အခါ နေထိုင်ခွင့် ၁၄ ရက်သာရရှိမှာဖြစ်ပြီး ထပ်ပြီး တိုးခွင့်မရှိပါ။
* အဲဒီနေထိုင်ခွင့် ၁၄ ရက်မကုန်ဆုံးမီ ဘရူနိုင်းက ထွက်ခွာပေးရမှာဖြစ်ပါတယ်။
* ဒါကြောင့် ၁၄ ရက်ထက်ပိုကြာကြာနေချင်သူတွေဒီလို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်လာလို့မရပါ။
* Business Visits နဲ့ Professional Visits အတွက် ဒီလိုလာလို့မရဘူးဆိုပါတယ်။
* ဒီလိုပဲ Long stay visit pass လျှောက်ထားချင်သူ၊ Employment pass, Dependent pass, student pass စတဲ့ နေထိုင်ခွင့် လျှောက်ထားချင် သူတွေ ဒီလို Visa Waiver ဗီဇာကင်းလွတ်ခွင့် နဲ့ ဝင်ရောက်လာလို့မရပါဘူး။ အဲဒီလို နေထိုင်ခွင့်တွေအတွက် ဆိုင်ရာ pass နဲ့ ဗီဇာတွေကို ကြိုတင်လျှောက်ထားရပါတယ်။
![]() |
| မြန်မာနိုင်ငံက ဘရူနိုင်းနိုင်ငံရဲ့ ဗီဇာကင်းလွတ်ခွင့်ရ Category D3 နိုင်ငံစာရင်းထဲပါပါတယ်၊ |
ဘရူနိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာအမျိုးစားများ
ဘရူနိုင်ငံကထုတ်ပေးတဲ့ပြည်ဝင်ခွင့်ဗီဇာအမျိုးအစားတွေကို သူတို့နိုင်ငံခြားရေးဝန်ကြီးဌာနဝဘ်ဆိုက်မှာဖေါ်ပြထားတာကတော့
Diplomatic Visa: Visa issued to foreign nationals holding Diplomatic passport.
Social visit Visa: Visa issued for the purpose of social visit or for a tourist.
Professional Visit Visa: Visa issued for the purpose of professional work/expertise required for a particular project awarded in Brunei Darussalam.
Business Visit Visa: Visa issued for the purpose of investment or business related activities in Brunei Darussalam.
Employment Visa: Visa issued for the purpose of employment in Brunei Darussalam.
Dependent Visa: Visa issued to spouse and Children (under the age of 18 years old), whose husband is working in Brunei Darussalam.
Student Visa: Visa issued for the purpose of studying in Brunei Darussalam.
Transit Visa: Visa issued to any person who is in transit and enroute to a third country via Brunei
![]() |
ဘရူနိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာအမျိုးစားများ |
Visa ကို ဘယ်လိုလျှောက်ရမလဲ။
အများအားဖြင့် ဗီဇာလိုအပ်သူတွေအတွက် ဗီဇာကို သက်ဆိုင်ရာနိုင်ငံရဲ့ ကမ္ဘာတလွှားရှိ သံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာ သွားလျှောက်ရပါတယ်။
သာမန် ပါ့စ်ပို့ကိုင်သူတွေအတွက် ဘရူနိုင်း Transit visa နဲ့ တချို short visit visa ကလွဲပြီး ကျန်ဗီဇာအားလုံး ( ရက်ရှည်နေမည့် Social visit visa fအပါအဝင်) ဘရူနိုင်းနိုင်ငံထဲက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ တက္ကသိုလ် စတာတွေက ဘရူနိုင်းနိုင်ငံ Immigration ရုံးမှာ ကြိုတင်လျှောက်ရပါတယ်။
အဲဒီ ဗီဇာတွေကိုလျောက်တဲ့အခါ နိုင်ငံထဲကိုဝင်ရောက်ရတဲ့ အကြောင်းရင်းအလိုက် နိုင်ငံအတွင်းမှာ ဆက်လက်နေထိုင်ဖို့ ၊ အလုပ်လုပ်ဖို့ ၊ ပညာသင်ဖို့ စသည်တို့အတွက် နေထိုင်ခွင့် ( ဥပမာ၊ Employment pass, dependent pass, student pass, social visit pass ) ကိုလျှောက်ရင်း ဆိုင်ရာ ဆက်စပ်ဗီဇာ တွေဖြစ်တဲ့ Employment visa, dependent visa, student visa, Social visit visa စတာတွေကို တွဲလျှောက်ရတာပါ။
Dependent pass တို့ Employment pass တို့အတည်ပြုထားပြီးတာတောင် ဆိုင်ရာဗီဇာနဲ့မဟုတ်ဘဲ ဝင်လာလျင် အဲဒီ Pass တွေကိုထုမပေးပါဘူး။
ဆိုင်ရာနေထိုင်ခွင့် pass နဲ့အတူ ဗီဇာ အတည်ပြုချက်ကျလာတဲ့အခါ အရင်ကတော့ ဆိုင်ရာနိုင်ငံရှိ ဘရူနိုင်းသံရုံးကို Immigration ရုံးက Fax ပို့ပေးပြီး၊ လာမည့်သူက အဲဒီမှာ ဗီဇာလျှောက်လွှာပြန်တင်ကာ သံရုံးက ဗီဇာကို ပါ့စ်ပို့မှာရိုက်နှိပ်ပေးပါတယ်။
![]() |
| ရန်ကုန်ရှိဘရူနိုင်းသံရုံမှ ပေးသော ဗီဇာနမူနာ |
ကိုဗစ်ကပ်ကြီးနောက်ပိုင်း ပြည်ဝင်ခွင့်တွေ ပြန်ဖွင့်တော့ အဲဒီလို Fax ပို့ပြီး သံရုံးမှာဗီဇာသွားလျှောက်စရာမလိုပဲ ဆိုင်ရာ Pass အတည်ပြုချက်နဲ့အတူ ဆိုက်ရောက်ဗီဇာ Visa on Arrival ( VOA) ကို တခါတည်းပေးလိုက်ပြီး အဲဒီ Visa on Arrival ( VOA) စာရွက်ကို နိုင်ငံအဝင် passport control post မှာပြကာ ဗီဇာကြေးပေးရပါတယ်။
![]() |
| Employment pass ခွင့်ပြုချက် |
![]() |
| Employment visa ကို VOA အဖြစ်အတည်ပြုပေးသောစာ |
ဒီလိုဝင်လာတဲ့အခါ နေထိုင်ခွင့်ပါမစ်နဲ့ ဗီဇာ စာရွက် နှစ်ရွက်လုံးကို ပြသဖို့လိုအပ်ပါတယ်။
( ဒီလိုဝင်လာတဲ့အခါ Pass approval ပါသော်လည်း VOA မပြနိုင်လျင် ဗီဇာကင်းလွတ်ခွင့်နဲ့ဝင်လို့ရပေမယ့် ကျပြီးသား Pass ကိုထုမပေးပါ။ ဆက်စပ်ဗီဇာကိုသုံးပြီး ပြန်ဝင်လာမှ pass ကိုထုပေးပါတယ်။)
ပြီးတော့မှဘယ်လောက်နေထိုင်ခွင့်ပြုတယ်ဆိုပြီး ရက်တို နေထိုင်ခွင့် Pass ကို စာအုပ်ထဲမှာ ရိုက်နှိပ်ပေးလိုက်ပါတယ်။ ဲ
ဒီနေထိုင်ခွင့်ကာလ မကုန်ဆုံးမီမှာ မူလက အတည်ပြုပေးထားတဲ့ တာရှည်နေထိုင်ခွင့် pass ကို Immigration ရုံးမှာသွားပြီး ရယူရပါတယ်။
နေထိုင်ခွင့်ရပြီး ပြည်ဝင်ခွင့် visa ပြန်လျှောက်ရန်လိုသလား
ဒီနေရာမှာ သတိထားရမှာက အဲဒီ နေထိုင်ခွင့်/ အလုပ်လုပ်ခွင့် Visit pass, Employment pass, Dependent pass ဆိုတာက တိုင်းပြည်အထဲကို ပြန်ဝင်ခွင့်ပြုတဲ့ ဗီဇာမဟုတ်ဘူးဆိုတာပါပဲ။
ဒီလိုနေထိုင်ခွင့် ရထားပြီး နိုင်ငံထဲကနေအပြင်ကိုမထွက်သရွေ့ ပြသနာမရှိပေမယ့် နိုင်ငံအပြင်ကိုထွက် ပြီး ပြန်ဝင်လာမယ်ဆိုလျင်တော့ ပြန်ဝင်ဖို့ Entry Visa လိုပါတယ်၊။
နေထိုင်ခွင့်သက်တန်းမည်မျှပင်ကျန်နေပါစေ Entry Visa မပါလျင် နိုင်ငံထဲ ပြန်ဝင်လို့မရပါ။ အဲဒီလိုဖြစ်ခဲ့လျင် ကိုယ့်နေထိုင်ခွင့် နဲ့ ဆက်စပ်တဲ့ ဗီဇာကို နိုင်ငံထဲက သက်ဆိုင်သူက ပြန်လျှောက်ပေးရပြီး ဝင်ခွင့်ကျလာမှ အဲဒီအတည်ပြုချက်စာရွက်ကိုသုံးပြီး ပြန်ဝင် ရပါမယ်။ အစအဆုံးပြန်လုပ်ရတဲ့ သဘောပါ။
ဒါကြောင့် နေထိုင်ခွင့် သက်တန်းကျန်နေသော်လည်း Entry visa မရှိဘဲ နိုင်ငံထဲထွက်ခွာမယ်ဆို Passport control post က Immigration က တားထားတတ်ပါတယ်။ ပြန်ဝင်လို့မရနိုင်ကြောင်း အစကပြန်လျှောက်ရမှာဖြစ်ကြောင်းရှင်းပြပြီး ကိုယ် အဲဒီလို အလုပ်ရှုပ်ခံပါမယ် သွားပါရေစဆိုလျင်တော့ ထွက်ခွင့်ပြုကောင်းပြုပါလိမ့်မယ်၊
![]() |
| နေထိုင်ခွင့်နဲ့ ပြည်ဝင်ခွင့် |
Visa on Arrival လား Visa Waiver လား
ကျနော်တို့မြန်မာတွေက အဲဒီလို ဆိုက်ရောက်ဗီဇာ Visa on Arrival ( VOA) နဲ့ လာတာကို ဗီဇာကင်းလွတ်ခွင့် Visa Waiver နဲ့ရောပြီး အမှတ်မှားကြတာများပါတယ်။
အထူးသဖြင် long stay visit pass လျှောက်ဖို့ ခရီးစဉ်အစမှာ visa Waiver နဲ့ ဝင်ဖို့ ကြိုးစားတဲ့အခါ လေကြောင်းလိုင်းက Visa Waiver လိုအပ်ချက်နဲ့ မကိုက်ညီလို့ လေယာဉ်ပေါ်ကို တက်ခွင့်မပေးဘဲ ငြင်းပယ်ခံရတတ်ပါတယ်။
![]() |
| Social visit pass နဲ့ ဗီဇာကိုတွဲလျောက်ပြီး ကျလာတဲ့ VOA |
Visa on Arrival ( VOA) ဆိုတာ အထက်မှာရေးခဲ့တဲ့ ဗီဇာကင်းလွတ်ခွင့် Visa Waiver နဲ့မတူပါ။
(က) Visa on Arrival ( VOA) ဆိုရာမှာ လည်း ဘရူနိုင်းနိုင်ငံထဲက တယောက်ယောက်က ကိုယ့်အတွက် ဗီဇာကို ကြိုတင်လျှောက်ထားပြီး ပြည်ဝင်ခွင့်ဗီဇာ အတည်ပြုချက်ရယူပြီးမှ လာရောက်လို့ရပြီး လေဆိပ် (သို့) ကုန်းလမ်း Immigration check point ရောက်မှ ဗီဇာခ ပေးရတဲ့ Visa on Arrival ( VOA) ဆိုတာရှိသလို
(ခ) ကြိုတင်အတည်ပြုချက် ရယူထားရန်မလိုဘဲ လေယာဉ်ပေါ် (သို့) လေဆိပ်ရောက်မှ ဗီဇာလျှောက်လွှာကို ဖြည့်ပြီး Passport control post မှာ ဗီဇာခပေးရတဲ့ Visa on Arrival ( VOA) ဆိုတာလည်းရှိပါတယ်။ ဥပမာ ဩဇီတွေလို Category C1 နိုင်ငံသားတွေ ဘရူနိုင်းကိုလာလျင် အဲဒီလို (ခ) VOA ယူရပါတယ်။
မြန်မာနိုင်ငံသားတွေအတွက်ကတော့ အထက်မှာဆိုခဲ့တဲ့ နေထိုင်ခွင့်တခုခုနဲ့ ဆက်စပ်ဗီဇာကို လျှောက်တဲ့ အခါမှာ ချပေးတဲ့ အပိုဒ် (က) Visa on Arrival ( VOA) ကိုပဲရတာပါ။
ဒါကြောင့် Visa on Arrival ( VOA) နဲ့ ဝင်လာလျင် နေထိုင်ခွင့်ဆက်တိုးလို့ရပြီး Visa Waiver နဲ့လာလျင် ၁၄ ရက်ထက်ပိုနေခွင့်မရှိ၊ ထပ်တိုးလို့မရဘူးလို့ လေ့လာမိပါကြောင်း။
![]() |
| Visit ပေမည့် Visa waiver နဲ့ ဝင်လာတာနဲ့ VOA နဲ့ လာတာ မတူပုံ |
eArrival card
17/14/2023
အခုကျနော်ရေးတာက ဘရူနိုင်းနိုင်ငံသို့လာရောက်မည့် မြန်မာနိုင်ငံသားများအတွက် ကျနော် လေ့လာသိရှိထားတဲ့ အချက်အလက်ကလေးတွေပါ။ မှားတာတွေပါကောင်းပါနိုင်ပါတယ်။ မှားနေလျင်ထောက်ပြပေးကြပါ။
https://www.mfa.gov.bn/Pages/Types-of-Visa.aspx
https://www.mfa.gov.bn/Pages/D3---D14.aspx
http://www.immigration.gov.bn/Borang%20PDF/FAQS%20E-ARRIVAL%20CARD.pdf











Comments
Post a Comment