Climbing Mt Kinabalu ( မလေးရှားနိုင်ငံရှိအမြင့်ဆုံးတောင် ကင်နာဘာလူးတောင်တက်ခရီး)

 Mt Kinabalu ကင်နာဘာလူး တောင်တက်ခရီး 




မလေးရှားပိုက်ဆံ ရင်းဂစ်တစ်ရာတန်နောက်ကျောမှာ တောင်ထွဋ်နှစ်ခုပုံတွေကိုထည့်ထားရာ၊ ယာဘက်ကတောင်ထွဋ်က Mt Kinabalu ရဲ့ Kinabalu South Peaks ဆိုတဲ့ တောင်ထွဋ်ဖြစ်ပြီး ဝဲဘက်က အချွန်အတက်တွေကတော့ ဆာရာဝက်ပြည်နယ် Mulu ဒေသရှိ The Pinnacle ကျောက်စွယ်တွေဖြစ်ပါတယ်။

Mt Kinabalu South Peak  (အပေါ်)၊ Mulu Pinnacles (အောက်) ပုံများနဲ့ မလေးရှား ရင်းဂစ် ၁၀၀ တန်နောက်ကျော ပုံ


Mt Kinabalu 

ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၉၅.၂ မီတာ (၁၃၄၃၅.၇ ပေ) မှာရှိတဲ့ Low's peak ဆိုတဲ့ Mount Kinabalu ရဲ့ တောင်ထွဋ် ကတော့ မလေးရှားနိုင်ငံမှာ အမြင့်ဆုံးပါ။ ။

ဟိမဝန္တာတောင်တန်းနဲ့ အင်ဒိုနီးရှားအကြားမှာ အမြင့်ဆုံးဆိုတဲ့ ကင်နာဘာလူးတောင်က မလေးရှားအရှေ့ပိုင်း ဆာဘားပြည်နယ်မှာရှိပါတယ်။ (https://maps.app.goo.gl/m1aedgVLqRC9ydq78)

အဲဒီတောင်ကြီးက UNESCO ရဲ့ The World Heritage Site စာရင်းဝင် Kinabalu national park ထဲမှာရှိပြီး Sabah park ဌာနရဲ့စီမံခန့်ခွဲမှုအောက်မှာရှိပါတယ်။

Mt Kinabalu တောင်ကို တက်ချင်လျင်တော့ တောင်တက်ခွင့်ပါမစ်ယူပြီးမှ တညအိပ်နှစ်ရက်ခရီး အနေနဲ့ တက်လို့ရပါတယ်။ တရက်ကို အများဆုံး ၁၆၅ ယောက်ပဲတက်ခွင့်ပြုပါတယ်။ တောင်တက်ခွဲတမ်းကို Sabah park , Mountaintorq  နဲ့ Sutera Sanctuary Lodges ကုမ္ပဏီတို့ ခွဲယူထားပါတယ်။ Sutera Sanctuary Lodges က Kinabalu park နဲ့ Panalaban မှာ တည်းခိုဆောင်တွေ၊ စားသောက်ဆိုင်တွေကို စီမံခန့်ခွဲခွင့်ရထားတာပါ။Mountain TORQ ကတော့ ဒုတိယနေ့မှာ ကျောက်တောင်ကို သိုင်းကြိုးတွေ၊ ချိတ်တွေနဲ့ တွဲလွဲဆွဲတက် ကုတ်ဖက်တက်ရတဲ့  Farata tour  ဝန်ဆောင်မှုပေးပါတယ်။

တောင်တက်ဖို့ Sabah park မှာတိုက်ရိုက်ဘိုကင်ယူလျင် ၆ လလောက်ကြိုယူမှရပါတယ်။ ၂၀၂၄ အတွက်ဘိုကင်ကို ၂၀၂၃ အောက်တိုဘာလ လယ်မှစဖွင့်ပါတယ်။ ဘိုကင်ဖွင့်တာနဲ့ တခြားတိုးရ်ကုမ္ပဏီတွေကလည်း ဘိုကင်တွေဝိုင်းယူကြလေတော့ တပတ်အတွင်း ပထမသုံးလစာဘိုကင်တွေပြည့်လုနီးပါးဖြစ်သွားပါတယ်။

အခုဒီပို့စ်ရေးနေတဲ့ ၁၂-၄-၂၄ မှာ ၂၀၂၄ အတွက်တိုက်ရိုက်ဘိုကင်ယူမယ်ဆို နိုဝင်ဘာအတွက် ၂ ရက်နဲ့ အလွန်အေးပြီးမိုးများတဲ့ ဒီဇင်ဘာမှာတော့ သုံးပတ်စာလောက် ပဲ ရနိုင်ပါတော့တယ်။ Sutera Sanctuary Lodges နဲ့တခြားတိုးရ်ကုမ္ပဏီတွေမှာတော့ ဘိုကင်တွေရဦးမှာပါ။ ပိုက်ဆံကတော့  တယောက်ကို  1000 RM  လောက်ကွာနိုင်ပါတယ်။ 

ကျနော်က ဈေးသက်သာအောင် Sabah Park မှာတိုက်ရိုက်ဘိုကင်ယူပါတယ်။  မလေးရှားနိုင်ငံသားနဲ့ နိုင်ငံခြားသား များအတွက် ဈေးနှုန်းကွာသလို ခွဲတမ်းအရေအတွက်လည်း ခွဲထားပါတယ်။ 

၂၀၂၄ ခုနှစ်အတွက် တောင်တက်လျင် ပေးရမည့်နှုန်းထားများနဲ့ လင့် 


၂၀၂၃ အောက်တိုဘာ ၂၁ ရက်နေ့မှာကျနော် ဘိုကင်ယူတော့ ကိုယ်လိုချင်တဲ့ ၂၀၂၄ မတ်လအတွက် ၂၁ ရက်နဲ့ နောက်တရက်၊ နှစ်ရက်မှာဘဲ တယောက်စာစီ ကျန်လို့ မတ်လ ၂၁ ကိုဘိုကင်ယူကာ ချက်ချင်းငွေအကြေချေရပါတော့တယ်။

 The Package

Sabah Park  မှာဘိုကင်ယူပြီးရလာသော E Ticket (Visitor Centre check in မှာပြရန်) 

အဲဒီ Package မှာ တောင်တက်ပါမစ်၊ ထိခိုက်မှုအာမခံ၊ ပထမနေ့ Panalaban ညအိပ်စခန်းမှာညစာ (ညနေ ၄:၃၀-၇:၀၀)၊ Panalaban ကအဆောင်မှာ တညတည်းခ ( အိပ်ယာ၊ ခြုံဖို့ဂွမ်းကပ်)၊ နောက်နေ့ တောင်ထိပ်သို့မတက်မီ မနက်စော စာ (၂ နာရီမှကျွေး)၊ ပြန်ဆင်းလာလျင်စားဖို့ နောက်ကျ မနက်စာ (၇:၃၀ - ၁၀:၃၀)၊ တို့ပါဝင်ပါတယ်။

တောင်တက်ခရီးစဉ် အသေးစိပ်
Sabah Park  မှာတိုက်ရိုက်ဘိုကင်ယူသောပက်ကေချ့် အတွက်  Invoice page 1


Sabah Park  မှာတိုက်ရိုက်ဘိုကင်ယူသောပက်ကေချ့် အတွက်  Invoice page 2


Sutera Sanctuary Lodges နဲ့ တချို့တိုးရ် ကုမ္ပဏီတွေနဲ့ ဆိုလျင် ပက်ကေ့ခ်ျက မျိုးစုံရှိပြီး ဈေးပိုကြီးပေမယ့် လေယာဉ်ကွင်းရှိရာ မြို့တော် Kota Kinabalu ကဟိုတယ်တွေ အထိ ကြိုပို့ပေးတဲ့ ဝန်ဆောင်မှု၊ ပထမနေ့ တောင်တက်ခရီး နေ့လည်စာထမင်းထုပ်နဲ့ဖျော်ရည်၊ အပြန်နေ့လည်စာ၊ ညအိပ်စခန်း Panalaban မှာတည်းခိုရာမှာ နှစ်ယောက်ခန်း လေးယောက်ခန်း စသည်ဖြင့်‌ ရွေးစရာပိုများပြီး၊ ပိုကောင်းတဲ့အခန်း‌တွေလည်း ရှိပါတယ်၊ ဘိုကင်ကိုလည်း တလကျော်နှစ်လလလောက်ကြိုတင်ယူလို့ရနိုင်ပါတယ်။

ကိုယ်ကိုသိုင်းကြိုးပတ်ပြီး ကြိုးတွဲလောင်းတွေနဲ့ ကျောက်ကြားတွေကိုကုတ်တက်ရတဲ့ Via Ferrata tour ဆိုတဲ့ စွန်းစားတက်နည်းနဲ့တက်လို့ရတဲ့ပက်ကေ့ချ်လည်းရှိပါတယ်။ 

တောင်တက်တဲ့အခါ အမြင့်ပေ ၈၀၀၀ ကျော်လျင် လေထုပါးပြီး အောက်ဆီဂျင်နည်းလာတဲ့အခါ သွေးထဲကအောက်ဆီဂျင်ပါကျလို့ Altitude sickness ဆိုတဲ့ အမြင့်ပိုင်းကိုရုတ်တရက်တက်လို့ရတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်တာကိုကာကွယ်နိုင်ဖို့ တောင်ခြေနေရာလောက်ကို တညလောက်ကြိုလာပြီးအိပ်လျင် ပိုကောင်းပါတယ်။

ကျနော်လည်း အဲဒီလို ကုန်းမြင့်ဒေသပတ်ဝန်းကျင်နဲ့ ရင်းနှီးစေဖို့ Sabah park head quarter နားက J residence ဟော်တယ် အသေးကလေးမှာ ၂ ည ကြိုတည်းပါတယ်၊ တောင်မတက်ခင်တရက် ၂၀-၃-၂၄ မှာ အနားက Kundasang (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၂၀၀ လောက်အမြင့်မှာရှိတဲ့၊ မြန်မာပြည်က ကလောနဲ့ခပ်ဆင်ဆင်မြို့ကလေး) ကိုလည်ပတ်ရင်း အနီးနားကတက်လို့ရတဲ့ တောင်ကလေးတွေတက်ပြီးခန္ဓာကို ကျင့်သားရစေပါတယ်။

အရင်းအနှီးမနည်းသလို အချိန်ယူပြင်ဆင်ရတဲ့ ဒီခရီးအတွက် တောင်တက်မည့်ရက်မှာ ကျန်းမာသန်းစွမ်းနေဖို့အရေးကြီးလေတော့ အကြိုတပတ်လောက်ကစလို့ ရှင်လောင်းတွေလိုပဲ အစားအသောက် အနေအထိုင်ကို ဂရုစိုက်ရပါတယ်။ တောင်တက်မည့်ရက်ကပ်ပြီး နေမကောင်းတာ၊ ထိခိုက်ဒါဏ်ရာရတာတို့ ဖြစ်လို့ တောင်မတက်နိုင်တော့လျင် မခက်ပါလား။


တောင်တက်ခရီးပထမနေ့ (၂၁-၃-၂၄)

ကျနော်တည်းတဲ့ J Residence ကနေ Park Headquarter ကို လမ်းလျှောက်သွားလို့ရပါတယ်။ Park အဝင်ဝမှာ ဝင်ကြေးပေးပြီးမှ ဝင်းထဲဝင်ရပါတယ်။ ဝင်ဝင်ချင်း လက်ယာဘက်က ပထမအဆောက်အဦက  Sutera Sanctuary Lodges  ရုံးဖြစ်ပြီး ဒုတိယအဆောက်အဦမှာ  Ferrata tour အတွက် TORQ ရုံးနဲ့ Sabah Park Visitor Centre ရုံးရှိပါတယ်။  Visitor Centre မှာ check in လုပ်၊ မငှားမနေရဖြစ်တဲ့ mountain guide ငှား၊ တောင်တက်လမ်း အစဖြစ်တဲ့ Timpohan gate ထိ အသွားပြန်ကားခ၊ ပစ္စည်းသယ်ဖို့ အထမ်းသမားခ ပေး၊ တောင်တက်ပါမစ် ID (နာမည်နဲ့နံပတ်) လည်ဆွဲကိုထုတ်ယူပြီး အဲဒီ ID ကိုတချိန်လုံးဆွဲထားရပါတယ်။

ချက်အင်လုပ်တဲ့အခါ သူတို့ဖေါ်ပြထားတဲ့ ရောဂါတွေကင်းရှင်းကြောင်း ကြေညာကာ တခုခုဖြစ်လျင် ကိုယ်ဖြစ်ကိုယ်ခံမည်ဖြစ်ကြောင်း indemnity form ကိုလက်မှတ်ရေးထိုးရပါတယ်။ ပါ့စ်ပို့ဖိုတိုကော်ပီတစုံဆွဲပေးရပါသေးတယ်။ တောင်မတက်မီ  ၂ ရက်ကြိုပြီး  Online self Check in လုပ်ထားလို့လည်းရပါတယ်။

Mountain guide တယောက်ကို အများဆုံး တောင်တက်သမား ၅ ဦးအထိ လိုက်နိုင်ပါတယ်။ အဖေါ်မပါလို့တယောက်တည်း ဆိုလည်း ဂိုက်တယောက်ငှားခ RM 350 ပေးရပါတယ်။ တယောက်တည်းသမားတွေစုပြီး ဂိုက်ငှားခစရိတ်မျှခံလျင်သက်သာပါတယ်။ Timpohon ဂိတ်ထိ အသွားအပြန် ကားခလည်း တစ်ယောက်ကနေ သုံးယောက်အထိဆို RM 35၊ လေးယောက်နဲ့ အထက်ဆို တယောက် တဆယ်ပဲပေးရပါတယ်။

ကျနော်ကတော့ တည်းနေတဲ့ ဟော်တယ်ဘေးအခန်းကိုရောက်လာတဲ့ စပိန်လူမျိုးစုံတွဲနဲ့ စကားစပ်မိလို့ သုံးယောက်တစု ဖြစ်သွားတော့ တယောက်တည်းလည်းပေးရမည့် ဂိုက် + ကားခ RM 350+35 ကို သုံးယောက်ခွဲလိုက်တာ RM 255 လောက်သက်သာသွားပါတယ်။

Timpohon gate

အားလုံးအဆင်သင့်ဖြစ်တော့ တောင်စတက်ရမည့် Timpohon gate ကို ဂိုက်နဲ့အတူ မနက် ၈:၄၅ လောက် ဖယ်ရီကားနဲ့သွား၊ အဲဒီမှာ check in စာရင်းသွင်း၊ guide က လမ်းခရီး အကြောင်း briefing ပေး ပြီး စတက်ပါတယ်။

ပထမနေ့ တောင်တက် လမ်းကြောင်း

Climbing permit and ID

တောင်တက်လမ်းပြ မြေပုံ


Timpohon gate ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၆၆ မီတာ (၆၁၂၂ ပေ) အမြင့်က စတက်ရပါတယ်။

မနက် ၁၀ နာရီခွဲလျင်တော့ Timpohon gate ကနေတက်ခွင့်ပိတ်လိုက်ပါတယ်။ နောက်ကျသူတွေ Panalaban base camp ကိုအချိန်မှီ မရောက်မှာစိုးလို့ထင်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၇၂.၇ မီတာ (၁၀၇၃၇.၂ ပေ) အမြင့်မှာရှိတဲ့ ညအိပ်စခန်း Panalaban base camp ကိုတက်တဲ့ပထမနေ့မှာ ၆ ကီလိုမီတာခရီးအတွင်း အမြင့် ၁၄၀၆.၇ မီတာကို ( ၄၆၁၅.၁၆ ပေ) တက်ရပါတယ်။

သိပ်ပြီးမတ်စောက်တာမဟုတ်ပေမယ့် တချို့အတက်တွေကတော့ အတော်မတ်ပါတယ်။ လှေကားထစ်တွေများပြီး တောက်လျှောက်လိုလို တက်ပြီးရင်းတက်ချည်းဖြစ်လို့ ကြာလာတော့ ကြွက်သားတွေ ညောင်းလာပါတယ်။ ဒါကြောင့် သူများတက်တဲ့နှုန်းနဲ့ လိုက်တာထက် ကိုယ်နိုင်တဲ့နှုန်းနဲ့ ဖြည်းဖြည်းချင်းထိန်းတက်တာက ပိုကောင်းပါတယ်။ ကျနော်ကတော့ ဖြည်းဖြည်းတက်တဲ့အုပ်စုနဲ့ရောပြီးလိုက်သွားပါတယ်။ လမ်းတလျှောက် သူကကျော်လိုက် ကိုယ်ကကျော်လိုက်နဲ့ မျက်နှာချင်းပါတန်းမိသွားပါတယ်။ 

အကွာဝေး တကီလိုမီတာလောက်တိုင်းမှာ မိုးခိုဖို့ တဲကလေးတွေထိုင်စရာခုံတန်းနဲ့ အိမ်သာ ထားရှိပေးပါတယ်။ လမ်းကမိုးခိုဆောင်တချို့မှာ လူမကြောက် တဲ့ရှဉ်ကလေးတွေ ရှိလို့ သူတို့ကိုကျွေးဖို့ အစေ့ကလေးတွေယူသွားလို့ရပါတယ်။  

လမ်းမှာအင်းဆက်တွေကို ဖမ်းစားတဲ့ Picture plant  ဆိုတဲ့ အပင်ကလေးတွေကိုလည်းတွေ့နိုင်ပါတယ်။ 



အင်းဆက်တွေကို ဖမ်းစားတဲ့ Picture plant 


ပထမနေ့အတက်က ပျမ်းမျှ ၄ - ၆ နာရီ ကြာကြတယ်လို့ဆိုကြရာ ကျနော်ကတော့ အချိန် ၅ နာရီယူရပါတယ်။

မနက်ကိုးနာရီစတက်တာ နေ့လည် နှစ် နာရီ Panalaban ရောက်ပါတယ်။

ခရီးကို ကိုယ်တက်နိုင်၊ မတက်နိုင် ဘယ်လိုသိမလဲ

ဒီခရီးကို မြင်သာအောင်ယှဉ်ပြရလျင် ကင်မွန်းစခန်းမှကျိုက်ထီးရိုးတောင်ထိပ် (ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၁၅ပေ)အထိ လမ်းဟောင်းက ၇ မိုင် (၁၁.၃ ကီလိုမီတာ) ခရီးမှာ အမြင့်ပေ ၃၃၅၀ လောက်ပဲတက်ရပါတယ်။ ကင်နာဘာလူးတောင် ပထမနေ့ခရီးက ၆ ကီလိုမီတာခရီးမှာ ၄၆၁၅ ပေ အတက်ရှိပါတယ်။  ကျိုက်ထီးရိုးခရီးကကင်နာဘာလူး ပထမနေ့ခရီးထက် နှစ်ဆရှည်ပေမယ့်အမြင့်က လေးပုံသုံးပုံပဲရှိလို့ ပျမ်းမျှ အတက်က ထက်ဝက်လောက်ပိုပြေပြစ်တယ်လို့ပြောရမလိုပါပဲ။ တနည်းအားဖြင့်  ပထမနေ့ ကင်နာဘာလူးတောင်တက်ခရီးက ကျိုက်ထီးရိုးလမ်းဟောင်းခရီးကို တက်တာထက် နှစ်ဆကျော်ပိုပင်ပန်းပါတယ်။ 

ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးက နတ်မတောင် ခေါ် ဝိတိုရိယတောင်ထိပ်က ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၀၅၀၀ ရှိလို့ Panalaban base camp နဲ့ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ချင်းတူပေမယ့် ဝိတိုရိယ တောင်တက်သူအများစုက အမြင့်ပေ ၈၀၀၀ လောက်မှာရှိတဲ့စခန်းကစတက်ကြတာဖြစ်ပြီး တောင်တက်ခရီး ၅.၇ မိုင် (၉.၂ ကီလိုမီတာ) အရှည်ကို အမြင့်ပေ ၂၆၃၁ ပဲတက်ရလို့  ကင်နာဘာလူးခရီး ထက်လေးဆမကပိုပြေပြစ်ပါတယ်။ တနည်းအားဖြင့် ကင်နာဘာလူးတောင်တက် ပထမနေ့ခရီးက ဝိတိုရိယတောင် အပျော်တမ်းတက်တဲ့လမ်း ခရီးထက် လေးဆမက ပိုပင်ပန်းပါတယ်။ 


ပထမနေ့ နေ့လည်စာ

ခရီး ၄ ကီလိုမီတာအမှတ်မရောက်မီ Layang Layang Hut နေရာ မှာ check point တခုရှိပြီး ဂိုက်တွေ စာရင်းသွားပေးကြတာတွေ့ပါတယ်။ အများစုက အဲဒီနေရာအရောက်မှာ ယူလာတဲ့ နေ့လည်စာစားကြပါတယ်။ တိုးရ်ပက်ကေ့ချ်တွေက နေ့လည်စာအထုပ်နဲ့ဖျော်ရည်ထည့်ပေးလေ့ရှိပြီး၊ ကျနော်တို့လို ဘတ်ဂျက်သမားတွေက ကိုယ့်ဖါသာယူလာရပါတယ်။ ကျနော်ကတော့ လွယ်ကူတဲ့ ပဲပေါင်မုန့်နှစ်လုံးယူလာပြီး စားပါတယ်။ အစားနည်းသူဖြစ်လို့  ဆောင်ထားတဲ့  Nut bar, energy bar တို့တောင် ထုတ်မစားဖြစ်။ 

Layang Layang hut  

၄ ကီလိုမီတာအမှတ်က အမြင့်မီတာ ၂၇၄၅ (၉၀၀၅.၉ ပေ) အမြင့်မှာရှိတော့ ပထမနေ့ ခရီးသုံးပုံနှစ်ပုံမှာ အမြင့် ၈၇၉ မီတာ (၂၈၃.၈၆ ပေ) တက်ပြီးဖြစ်လို့ နောက်ထပ် အမြင့် ၅၂၇.၇မီတာ (၁၇၃၁.၃ ပေ) သုံးပုံတပုံသာသာပဲကျန်တယ် ဆိုရပေမယ့် အဲဒီ ကျန်တဲ့ နှစ် ကီလိုမီတာခရီးမှာ တချို့အတက်တွေက ပိုမတ်ပြီး ပိုခက်ပါတယ်။ အများစုက တလှမ်းချင်း‌တရွေ့ရွေ့တက်ကြတယ်။















အမြင့်ပေ ၉၀၀၀ ကျော်ပြီဖြစ်လို့ အပင်တွေနဲ့ ရှုခင်းတွေကလည်း အများကြီး ပိုလှလာပါတယ်။ တိမ်တွေကလည်း ကိုယ့်ပတ်ချာလည်ကိုရောက်လာပါတယ်။ ဒါပေမယ့် မောလွန်းလို့ ရှုခင်းရဲ့ အလှအပကိုတော့ အပြည့်အဝမခံစားနိုင်ပါ။


Panalaban camp 

နေ့လည် ၂ နာရီ Panalaban ရောက်တော့ ရောက်ရှိကြောင်းစာရင်းပေး၊ Kinotoki အဆောင်မှာ အိပ်ယာရွေးပြီး ခဏနားပါတယ်။ နေပူဆဲ နေ့ခင်းဖြစ်ပေမယ့် အတော်အေးလာနေပြီဖြစ်လို့ လှုပ်ရှားမှုရပ်တာနဲ့ သွေးအေးပြီးချမ်းလာပါတယ်။ ရေချိူးခန်းမှာ ရေနွေးမရလို့ အများစုက ရေမချိုးကြပါ။

Kinotoki အဆောင်

တယောက်စာအိပ်ယာ၊ 

ကျနော်တို့အဆောင်မှာအရင်ရောက်နေတဲ့ မိသားစုက တဟီးဟီးနဲ့ ခိုက်ခိုက်တုန်ရင်းရေချိုးကြလို့ ကိုယ်ပါ ရေခဲရေတမျှအေးတဲ့ရေကို ချိုးကြည့်ပါတယ်။ အေးလွန်းလို့ ရေတခွက်လောင်းတိုင်း ဆယ်စက်ကန့်လောက် အသက်ရှူရပ်သွားပါတယ်။ ရေချိုးပြီးတာနဲ့ နောက်နေ့ဝတ်မည့် အဝတ်အထူတွေ၊ ခြေအိတ်လက်အိတ်တွေကို တခါတည်းဝတ်ကာဂွမ်းကပ်အောက်ထဲ ဝင်ကွေးရပါတယ်။

အောက်ကအဆောင်မှာ သောက်ရေဖြည့်ဖို့ ရေသန့်စက်တွေထားပေးပြီး သောက်ရေနွေးလည်းရပါတယ်။ ရေချိုးခန်း တဘက်မှာပန်းကန်ဆေးကန်နဲ့ အတူ စင်ပေါ်မှာကြွေမတ်ခွက်တချို့ချိတ်ပေးထားလို့ ရေနွေးယူသောက်ဖို့အဆင်ပြေစေပါတယ်။

အဆောင်က ၃၂ ယောက် ဆောင်ကိုလေးခန်းခွဲထားပေမယ့် ကျား၊ မ ခွဲမထားပါ။

ကိုယ်ရတဲ့ ၁၂ ယောက်ခန်းမှာ ရေချိုးခန်းတခန်း၊ အိမ်သာက ကျား ၁၊ မ ၁ ပါပါတယ်။ လျှပ်စစ်မီးပေးပါတယ်။ 

နံရံမှာ (UK plug type )ပလပ်တချို့ပေးထားလို့ ဖုန်းအားသွင်းနိုင်ပေမယ့် တချို့ပလပ်တွေကအလုပ်မလုပ်။

မလေးရှားနိုင်ငံရှိ အမြင့်ဆုံးစာတိုက်ပုံး

ခဏနေတော့ အနားကကုတင်က မလေးရှားနိုင်ငံသား အိန္ဒိယလူမျိုးလူငယ်ကလေးကို Ferrata tour  အတွက် Mountain TORQ က အနီးကပ်သင်တန်းပေးတဲ့  Pendant Hut အဆောက်အဦ မှာရှိတဲ့ မလေးရှားရဲ့ အမြင့်ဆုံးစာတိုက်ပုံး အကြောင်းပြောပြကာ အဲဒီ Pendant Hut ကိုချီတက်ကြပါတယ်။ အဲဒီက Mountain TORQ ကောင်တာမှာ နှစ်ယောက်သား မလေးရှားနိုင်ငံရဲ့အမြင့်ဆုံးစာတိုက်ကပို့သည် ဆိုတဲ့ တံဆိပ်တုံးရိုက်ထားတဲ့ ပို့စ်ကဒ်တွေကို တံဆိပ်ခေါင်းအပါ တကဒ် 5 RM  နဲ့ ဝယ်ပြီး စာတိုက်ပုံးထဲ ထည့် ပို့ခဲ့ကြပါတယ်။ သုံးပတ်လောက်နေတော့ အဲဒီကဒ် အိမ်ကိုရောက်လာပါတယ်။ 

မလေးရှားနိုင်ငံရှိ အမြင့်ဆုံးစာတိုက်ပုံး


မလေးရှားနိုင်ငံရှိ အမြင့်ဆုံးစာတိုက်ပုံး ရှိရာ Pandant Hut


တောင်ပေါ်က ညနေစာ

အဲဒီနောက်တော့ စားသောက်ဆောင်သွားပြီး ဝရန်တာမှာနေပူစာခဏလှုံရင်းရှုခင်းတွေကြည့်၊ ညနေ ၄ နာရီခွဲမှာ ညနေစာ ဘူဖေးစားပါတယ်။ ညနေစာဘူဖေးကတော့ တမင်းနဲ့ ဟင်းလေးငါးမျိး (ကြက်၊ ငါး၊ အရွက်စုံကြော်၊ ကြက်ဥမွှေကြော်၊ ကြက်အူချောင်း) ၊ Spaghetti၊ ကော်ဖီ၊ လဘက်ရည်တို့နဲ့ အတော်စုံပါတယ်။ အဲဒီအစားအသောက်တွေချက်ဖို့ ပစ္စည်းတွေကို နေ့စဉ် အထမ်းသမားတွေနဲ့သယ်ယူရတာပါ။ ကိုယ့်ဖာသာ ပိုက်ဆံပေးပြီး မှာစားလို့ရတဲ့  Menu တချို့လည်းရှိပါတယ်။  စားသောက်ဆိုင်က  ည ၇ နာရီမှာပိတ်ပါတယ်။ 

စားပြီးချိန်မှာ စုရပ်ကွင်းထဲခဏဆင်းကြည့်တော့တိမ်တွေတခဏကင်းပြီး တောင်ထိပ်ကိုမြင်ရလို့ ဓါတ်ပုံတချို့ရိုက်ကြပါတယ်။

Panalaban camp နဲ့  Mt Kinabalu
Panalaban camp နဲ့  Mt Kinabalu





တဘက်မှာတော့ တိမ်ထူထူအနောက်မှာ နေလုံးကြီး ဘယ်နားမှာရှိတယ်ဆိုတာကို မမြင်ရတော့လို့ နေဝင်ချိန်ကို ဓါတ်ပုံရိုက်လို့ရဖို့ မျှော်လင့်ချက်မရှိတော့ပါဘူးဆိုပြီး အခန်းပြန်ကာ ဂွမ်းကပ်အောက်မှာနှပ်ပါတယ်။ ညနေ ၆ နာရီကျော်လောက်မှာမိုးဖွဲဖွဲကလေးပါကျလာပါသေးတယ်။

ကြွက်သားတွေနာပြီး နောက်နေ့တောင်ထိပ်ကိုတက်လျင် ခက်မှာစိုးလို့ အကိုက်ခဲပျောက်ဆေးသောက်ပြီး ဆေးပါလူးထားလိုက်ပါတယ်။၊

ကံကောင်းစွာပဲ ၆ နာရီ ၂၀ လောက်မှာ နေလုံးကတိမ်တွေအောက်ကိုရောက်လာပြီး နေရောင်ကအဆောင်ထဲဝင်လာပါတယ်။ ကမန်းကတန်း ဖုန်းကလေးတွေဆွဲပြီး ကွင်းထဲကိုပြေးကာ မိုးဖွဲဖွဲထဲမှာ Panalaban ရဲ့နေဝင်ချိန်ကလေးကို ဓါတ်ဖမ်းကြပါတယ်။


Panalaban ရဲ့ နေဝင်ဆည်းဆာ

Panalaban ရဲ့ နေဝင်ဆည်းဆာ

Panalaban ရဲ့ နေဝင်ဆည်းဆာ

Panalaban ရဲ့ နေဝင်ဆည်းဆာ

ပြီးတာနဲ့အဆောင်ပြန်ကာ နောက်နေ့မနက်စောစောထနိုင်ဖို့ စောစောအိပ်ရပါတယ်။ အားလုံးသဘောတူစွာ မီးမှိတ်အိပ်ကြလို့ ညဘက် မီးတောက်လျှောက်ပေးလား မပေးလားသတိမထားလိုက်မိ။ 

အခန်းထဲမှာ အတော်လေလုံတာကြောင့် အပြင်ထက် အ‌အေးလျော့တဲ့အပြင် အဆောင်ထဲမှာ ညအိပ်ရင်း ဟောက်တဲ့သူမပါလို့ ကံကောင်းတယ်ဆိုရမှာပါ။ သူတို့ဟောက်တာကို ကိုယ်မကြားနိုင်လောက်အောင် အိပ်မောကျသွားတာလည်း ဖြစ်နိုင်ပါတယ်။

ကိုယ်က လုံလောက်တဲ့ အနွေးထည်တွေပါတာတောင် ဂွမ်းကပ်အောက်မှာ အတော်အေး‌နေပါသေးတယ်။ သွေးထဲကအောက်ဆီဂျင်ကိုတိုင်းဖို့ Pulse Oxmeter ပါသွားလို့ တိုင်းကြည့်တော့  88-90%  ပဲရှိပါတယ်။ ။ ဘေးကုတင်က လူငယ်ကလေးကတော့ အေးလွန်းလို့ လူမရှိတဲ့ကုတင်က ဂွမ်းကပ်နှစ်ခုပါယူခြုံတာတောင် အိပ်မရဘူးဆိုပါတယ်။

ဒုတိယနေ့ (22-3-24)

ကိုယ်က မနက်စော ၁:၃၀ မှာ နှိုးစက်ပေးထားပေမယ့် တခြားအဖွဲ့ရဲ့ နှိုးစက်က မနက်တနာရီမှာထ မြည်တော့ကိုယ်ပါရောထ၊ မျက်နှာသစ် ပစ္စည်းတွေပြင်ဆင်၊ မသယ်နိုင်တာတွေ ပြန်သိမ်းထားခဲ့ပြီး စားသောက်ဆောင်ကိုဆင်းရပါတော့တယ်။  နှစ်နာရီမှာ စကျွေးတဲ့ မနက်စောစာကိုစားပြီး ၂:၃၀ မှာ Panalaban base camp ကနေ တောင်ထိပ် ကို စတက်ပါတယ်။ တောင်မတက်မီ အကြောဖြေ လူးဆေးတွေ လူးကြပါသေးတယ်။ 



မနက်စာက အနောက်တိုင်းစာ  ပေါင်မုန်ံ့၊ ထောပတ်၊ ယို၊ ကြက်အူချောင်း နဲ့ ကြက်ဥမွှေကြော်၊ အာရှစာ ကြာဇံကြော်၊ ထမင်းကြော်၊ ဆန်ပြုတ် အပြင် ကော်ဖီနဲ့ လဘက်ရည်လည်း ပါပေမယ့် တောင်တက်ရမှာဖြစ်လို့ နည်းနည်းပဲစားရဲပါတယ်။ တောင်ထိပ်မှာ အိမ်သာမရှိဘူးဆိုလို့ ဆီးပေါက်စေမည့် ကော်ဖီ လဘက်ရည် မသောက်ဖြစ်။ 

 ဒုတိယနေ့ မနက်စော ညအမှာင်ထဲမှာတက်ရသောခရီး

၂.၇ ကီလိုမီတာခရီးအရှည်အတွင်း အမြင့် ၈၂၂.၅ မီတာ (၂၆၉၈.၅ ပေ) ကိုတက်ရတာပါ။ ပထမ တကီလိုမီတာကျော်ကတော့ အတော်မတ်ပြီးလှေကားထစ်တွေများပါတယ်။ ကျောက်ဆောင်တွေပေါ််မှာလုပ်ထားတဲ့ သစ်သားလှေကားတွေကိုတက်ရပြီး ၂ နှစ်နေရာမှာတော့ တိုင်မှာချည်ပေးထားတဲ့ကြိုးလုံးကြီးကိုလက်နှစ်ဘက်နဲ့ဆွဲ၊ ကျောက်ဆောင်တွေကိုခြေကန်ကာ တက်ရပါတယ်။ ပါလာတဲ့ တောင်တက်တုတ်ကို ကျောပိုးအိတ်မှာချိတ်ထားပေါ့၊ ကျနော့တုတ်ကိုတော့ဂိုက်ကယူထားပေးပါတယ်။

မဆုံးနိုင်တဲ့ လှေကားမတ်မတ်များ


မဆုံးနိုင်တဲ့ လှေကားမတ်မတ်များ

ဖိနပ် ခြေကုတ်မကောင်းလို့ ကြိုးကိုဆွဲတက်တာတောင် ခြေချော်သူတွေရှိပါတယ်။ မိုးရွာလျင်တော့ ပိုပြီးချော်နိုင်ပါတယ်။

မကြာမကြာမိုးရွာတတ်ပေမယ့် ကျနော်တက်တဲ့ နှစ်ရက်လုံး ကံကောင်းစွာ မိုးမရွာပါ။

ခြေတံရှည် စပိန်လူငယ်စုံတွဲကတော့ ပထမနေ့မှာလိုပဲ မြန်မြန်တက်ကာ အရှေ့ရောက်သွားပါတယ်။

ကျနော်ကတော့ ထုံးစံအတိုင်း ဖြည်းဖြည်းတက်သူတွေနဲ့ရောပြီး တလှုပ်လှုပ်နဲ့လိုက်သွားပါတယ်။

စခန်းအထွက်မှာ တောင်ပေါ်စတက်ကြောင်း check in လုပ်ရသလို ခရီး ၇ ကီလိုမီတာအမှတ်အကျော် Sayat-Sayat Hut ချက်ပွိုင့်မှာ check in ထပ်လုပ်ရပါတယ်။ အဲဒီနေရာကို မနက် ၅ နာရီခွဲထက် နောက်ကျရောက်လျင် ဆက်တက်ခွင့်မရပါ။

Sayat-Sayat Hut မှာတော့အိမ်သာထားပေးပါတယ်။ မိုးနည်းတော့ တောင်ကျရေမရှိလို့ အိမ်သာသုံးရေအတွက် ဂိုက်တိုင်း တယောက် ရေ 1.5လီတာ ဗူးတဗူး Panalaban camp ကနေ ယူသွားပေးရပါတယ်။

အထက်ဆက်တက်လျင် အိမ်သာမရှိတော့လို့ အန္တရာယ်ကို လွယ်မထားနိုင်ပါက ကျောက်ဆောင်အကွယ်တခုခုမှာ တောင်စောင့်နတ်တွေကိုတောင်းပန်ပြီးမှ အပေါ့သွားပါလို့ဂိုက်ကပြောပါတယ်။

ညအမှောင်ထဲ လူတိုင်းခေါင်းပေါ်မှာ မီးကိုယ်စီတပ်ပြီး သွားနေကြတော့ ခြုံကြီးကြီးမရှိတဲ့ ကျောက်တောင်မျက်နှာပြင်မှာ တောင်တက်လမ်းနဲ့ နီးနီးနားနားမှာတော့ ဘယ်နေရာထိုင်ထိုင် ထင်းထင်းကြီးမြင်နေရပြီး မျက်ကွယ်က ရှားပါတယ်။ မျက်ကွယ်ရှာရင်းလမ်းပျောက်မှာ ချောက်ထဲကျမှာဆိုတာကိုလည်းထည့်တွက်ရပါတယ်။

အတိတ်ကဇာတ်လမ်း။

ဒေသခံတွေက ဒီတောင်ကြီးကို နတ်ကြီးတယ်လို့အယူရှိပါတယ်။

၂၀၁၅ မေလ ၃၀ ရက်တုန်းက တောင်ထိပ်ပေါ်မှာ အနောက်နိုင်ငံသားတချို့က ဂိုက်တွေကတားမြစ်တာကိုလစ်လျူရှုကာ ရိုးရာယုံကြည်မှုတွေကို မထေမယ့်မြင်ပြုပြီး ဝတ်လစ်စလစ် ဓါတ်ပုံရိုက်ကြ၊ အပေါ့စွန့်ကြတယ်။  ဒီလိုလုပ်တာကို ဒေသခံတွေက မကျေနပ်လို့ ပြည်နယ်အစိုးရက အဲဒီသူတွေကိုအရေးယူဖို့လုပ်တဲ့အခါ တချို့ကနိုင်ငံပြင်ပရောက်ကုန်ပြီဖြစ်တာကြောင့် အမှုကိုပလပ်ကာ ရိုးရာစီရင်မှုတွေလုပ်ပြီး နတ်တွေကိုတောင်းပန်ခဲ့ကြပါတယ်။

နောက်တပတ်အကြာ ၂၀၁၅ ဇွန်လ ၅ရက် မနက် ၇နာရီ ၁၅ လောက်မှာ ပြင်းအား ၅.၉ ရှိတဲ့ငလျင်တခု အဲဒီဒေသမှာလှုပ်ခဲ့လို့ကျောက်တုံးတွေပြိုကျကာ တောင်တက်သမား ၁၃၇ ဦးတောင်ပေါ်မှာပိတ်မိနေလို့ ကယ်ထုတ်ခဲ့ရပါတယ်။  တောင်တက်သမားနဲ့ ဂိုက် စုစုပေါင်း ၁၈ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအထဲမှာ စင်္ကာပူနိုင်ငံ Tanjong Katong Primary School ကျောင်းက ၁၂- ၁၃ နှစ်အရွယ်ကျောင်းသား/သူတချို့နဲ့ဆရာ စုစုပေါင်း ၁၀ဦးပါဝင်ပါတယ်။ ကျောက်တုံးတွေပြိုကျလို့ တောင်တက်လမ်းအချို့အပိုင်းတွေကို အခုထိပိတ်ထားရဆဲ။ 

ငလျင်အလွန်လှုပ်ခဲတဲ့ဒေသမှာ ဒီလိုဖြစ်ရတာဟာ အရင်လက တောင်ပေါ်မှာ မဖွယ်မယာလုပ်ခဲ့တဲ့တောင်တက်သမားတွေ ကြောင့်ဖြစ်တာလို့ ဒေသခံတွေက အယူသည်းခဲ့ကြ မကျေမနပ်ဖြစ်ကြပါတယ်။ 


တောင်ထိပ်ရောက်ကာနီးခရီးက အစပိုင်းမှာလောက်မတ်စောက်မှုမရှိပေမယ့် လေထုကပါးလို့ အတော်မောပါတယ်။ လေကအေးလွန်းတော့ နှာရည်တောက်တောက်ယိုလို့ ပါးစပ်ကိုဟကာအသက်ရှူရပါတယ်။

‌အေးရတဲ့အထဲ လေကတဝူးဝူးတိုက်တော့ ပိုအေးတယ်လို့ခံစားရပါတယ်။ မောလို့ခဏနားမိတာနဲ့ချမ်းစိမ့်လာလို့ ထိုင်နားမည့်အစား တလှမ်းချင်း ရသလောက်ရွေ့ကြရပါတယ်။

အဲဒီနေ့ ၂၀၂၄ မတ် ၂၂ ရက် မနက်က တောင်ထိပ်အပူချိန် ၃ ဒီဂရီစင်တီဂရိတ်၊ စိုထိုင်းစ ၈၂ % နဲ့ လေတိုက်နှုန်း တနာရီလျင် ၁၀ ကီလိုမီတာရှိတယ်လို့ mountkinabaluclimb facebook page မှာဖေါ်ပြပါတယ်။

ကျောက်တုံးတွေပေါ်မှာ လမ်းမမြင်သာလို့ လက်ဖျံလုံးလောက် အဖြူရောင် ကြိုးအလုံးကြီးကြီးကို လမ်းပြအမှတ်သားလုပ် ချိတ်ဆွဲထားပေးပါတယ်။ အထက်ပိုင်းရောက်တော့ ကြိုးကိုကျောက်တုံးနဲ့ ကပ်ချိတ်ထားလို့ ကြိုးကိုဆွဲတက်လျင် အတော်လေးတဲ့ကြိုးကို မ ထားရသလိုဖြစ်ပြီး အဆင်မပြေပါ။ ဒါကြောင့်ကြိုးကို လမ်းပြအမှတ်အသားအနေနဲ့သာ မှတ်ယူပြီး ကိုယ့်တုတ်နဲ့ကိုယ်ထောက်ကာတက်ကြပါတယ်။ ကြိုးကို တိုင်တွေမှာချည်ထားတဲ့ အစပိုင်း နှစ်နေရာမှာပဲ ကြိုးကိုဆွဲတက်လို့ရပါတယ်။

တောင်တက်လာနေသူများနဲ့ လမ်းအမှတ်အသား ကြိုးအဖြူကြီး 

လမ်းတလျှောက်မှောင်မည်းနေတော့ ကိုယ့်အရှေ့ကိုမျှော်ကြည့်၊ မော့ကြည့်လိုက်လည်း လှုပ်စိလှုပ်စိနဲ့ တရွေ့ရွေ့တက်နေတဲ့ မီးဖြူဖြူကလေးတွေ၊ အနောက်ကိုလှည့်ကြည့်လည်း အောက်ဘက်မှ, အဲဒီလိုပဲ လှုပ်စိလှုပ်စိနဲ့ တက်လာနေတဲ့ မီးလုံးကလေးတွေကိုပဲမြင်ရပါတယ်။


ဒီလိုနဲ့ မနက် ၆ နာရီ ရောင်နီပျို့ချိန် တောင်ထိပ်ကိုရောက်ပါတယ်။ ။




Low's peak  မှာ ဓါတ်ပုံရိုက်သူများနဲ့စည်ကားနေပုံ


အမြင့်ဆုံးတောင်ထွဋ် Low's Peak မှာ ဆိုင်းဘုတ်ထောင်ထားပြီး အဲဒီထိပ်ကို တက်ရဆင်းရတဲ့နေရာက ကျဉ်းပါတယ်။ ဘေးမှာချောက်တွေဖြစ်လို့သံမဏိကြိုးတန်းပြီး ကာထားပါတယ်။ အဲဒီဆိုင်းဘုတ်နဲ့ အမှတ်တရ ဓါတ်ပုံရိုက်ဖို့ အတော်စောင့်ရပါတယ်။ ထိပ်ကိုသွားဖို့ တန်းစီသူရှိသလို ကြားဖြတ်သူတွေလည်းရှိ၊ ဆိုင်းဘုတ်နဲ့ ဓါတ်ပုံရိုက်ပြီး တောင်ထွဋ်ကပြန်မဆင်းသေးဘဲ တက်လမ်းဘေးကပ်ကာ ဓါတ်ဖမ်းနေသူတွေကြောင့် လမ်းပိတ်နေလို့ ဂိုက်တချို့က အော်ပြီးလမ်းရှင်းပါတယ်။

Low's peak  ရှိ ဆိုင်းဘုတ်


Kinabalu တောင်၏ တောင်ထွဋ်များ


တယောက်တည်းသမား ကျနော့ကိုတော့ ဂိုက်ကပဲ ဓါတ်ပုံရိုက်ပေးပြီးနောက် ကျန်တဲ့သူတွေအတွက် နေရာဖယ်ပေးကာ ဘေးဘက်က ကွက်လပ်ကျယ်ကျယ်တခုအထိ ဆင်းပေးပါတယ်။ ပြီးမှတောင်ပေါ်မှာ နေထွက်တဲ့ပုံတချို့ကိုရိုက်ပြီးနောက် တောင်အောက်ပြန်ဆင်းကြပါတယ် ။ ပုံကိုပြန်ကြည့်တော့ နေက တောင်ထိပ်ပေါ်ကို ထွက်တာမဟုတ်ဘဲ တိမ်ပင်လယ်အပေါ်ကိုထွက်လာတာလို့ သတိထားမိပါတော့တယ်။

Kinabalu  တောင်ထိပ်မှာ ထွက်ပေါ်လာသောနေလုံး

အဆင်းမှာတော့ အလင်းရောင်ရှိနေပြီဖြစ်လို့ ဆင်းရတာလွယ်သလို အတက်တုန်းက မမြင်ရတဲ့ရှူခင်းတွေကိုခံစားရင်းဆင်းနိုင်ပါတယ်။ တောင်ထိပ်ရောက်ကာနီးမှာ အတက်ကအတော်ကလေးပြေတယ်ဆိုတာ ဆင်းမှပဲသတိထားမိပါတော့တယ်။

တောင်ပေါ်မှာ အောက်ဆီဂျင် ဘယ်လောက်နည်းလဲ သိရအောင်ကိုယ့်သွေးထဲကအောက်ဆီးဂျင်ကိုတိုင်းကြည့်ဖို့  Pulse Oxymeter  ယူသွားပေမယ့် အေးလွန်းတော့ လက်အိတ်အထူစွပ်ထားတာတောင် အေးစက်နေတဲ့လက်ချောင်းကို လက်အိတ်ချွတ်ပြီး တိုင်းလို့ရမှာမဟုတ်တဲ့အတွက်လျက်လျှော့လိုက်ရပါတယ်။ 

South Peak

မတော်တဆဖြစ်ခဲ့သော်

လမ်းမှာ ကျောက်တုံးတခုပေါ်က အကွက်ကြီးတခုကိုပြရင်း အရင်လက တောင်တက်သမား တယောက် ချော်လဲလို့ခေါင်းကွဲပြီး ထွက်လာတဲ့သွေးတွေစွန်းနေတာ၊ သူ့ကို ကယ်ဆယ်ရေးအဖွဲ့က လာသယ်ရတယ်လို့ ဂိုက်က ပြောပြပါတယ်။ 

တချို့က ရိုးရိုးတောင်အဆင်းလိုပဲမှတ်ပြီး အဆင်းမှာ အပြေးဆင်းလို့ဂိုက်က လိုက်တားပါတယ်။ နိမ့်လျှောဖြစ်ပြီးမညီမညာ ကျောက်တုံးတွေပေါ်မှာ အချိန်မရွေး ဟန်ချက်ပျက် လဲကျနိုင်ပြီး၊ ကျောက်ကြားထဲ ခြေထောက်ညပ်ကာ ကျိုးနိုင်သလို အရှိန်ကို မထိန်းနိုင်လို့ တောင်စောင်းအတိုင်းကျသွားလျင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

မတော်တဆဖြစ်တာအတွက် အာမခံက ပက်ကေ့ချ်ထဲ ပါရတော့ အဲဒီလို မတော်တဆဖြစ်လို့ ကယ်ဆယ်ရေး လိုအပ်တဲ့အခါ ကုန်ကျစားရိတ်ကို အာမခံက ပေးပါတယ်တဲ့။ ဒါပေမယ် ပင်ပန်းလွန်းလို့ မဆင်းနိုင်တာ၊ ကျန်းမာရေးဖေါက်လို့ ကယ်ထုတ်ရတာဆိုလျင်တော့ ပိုက်ဆံပေးရပါတယ်။ မတက်မီကတည်းက ကျန်းမာကြောင်း၊ ရောဂါကြီးတွေကင်းကြောင်းကြေညာကာ လက်မှတ်ရေးထိုးထားပြီးလို့  မတော်တဆဖြစ်တာကလွဲပြီး တခြားပြသနာတွေက အာမခံထဲ အကြုံးမဝင်ပါ။ ဂိုက်လုပ်သူရဲ့ပြောပြချက် အရတော့လစဉ်လိုလို တောင်တက်သူတချို့ကို ထမ်းစင်နဲ့ သယ်ထုတ်ရတာရှိပြီး အများစုကတော့ ထိခိုက်ဒါဏ်ရာကြောင့်ပါ။ သေဆုံးသူလည်း နှစ်စဉ်လိုလို ရှိတယ်ဆိုပါတယ်။ MoSAR (Mountain Search and Rescue team)က  Panalaban camp  မှာ အမြဲ Stand by ရှိတယ်ဆိုပါတယ်။ 

2024 နှစ်ဦးပိုင်းတောင်ပေါ်ကယ်ဆယ်ရေး သတင်းတချို့


Check Out

Sayat Sayat စခန်းအရောက်မှာ တောင်ပေါ်က ပြန်ဆင်းပြီဖြစ်ကြောင်း ကိုယ့် ID ကိုပြပြီး သတင်းပို့ရင်း certificate ယူမည့်သူ စာရင်းပေးရပါတယ်။ သူတို့က HQ ကို ရေဒီယိုနဲ့အကြောင်းကြားထားပေးတော့ ကျနော်တို့ HQ ရောက်သွားချိန်မှာ ပိုက်ဆံပေးပြီးထုတ် ယူဖို့ certificate က အဆင်သင့်ဖြစ်နေပါပြီ။ တောင်ထိပ်ထိမရောက်ပေမယ့် Panalaban အထိရောက်သူတွေ certificate လိုချင်လျင်တော့ second grade certificate ဆိုတဲ့အဖြူအမည်းနဲ့ လက်မှတ်ပေးပါတယ်။

Sayat Sayat Hut, အများသုံးအိမ်သာနဲ့ ဝန်ထမ်း အိပ်ဆောင်

နေလည်းထွက်လာပြီဖြစ်လို့ အအေးလည်းပေါ့လာတာကြောင့် တနာရီလောက် ဆင်းအပြီးမှာ အပေါ်က ထပ်ဝတ်ထားတဲ့ ဂျာကင်အထူကြီးတွေချွတ်ကြရပါတယ်။



ဒီလိုနဲ့ ဓါတ်ပုံရိုက်ရင်း စကားပြောရင်းဆင်းလိုက်ကြတာ Panalaban camp ကို မနက် ၈:၃၀ မှာပြန်ရောက်ပါတယ်။

ကျန်တဲ့အနွေးထည်တွေ၊ လက်အိတ်တွေခေါင်းစွပ်တွေပါချွတ်၊ အိတ်ထဲ ပြန်ထည့်ပြီး အထမ်းသမားထံပြန်အပ်ရပါတယ်။ Restaurant မှာမနက်စာစားပြီးနောက် ရေဗူးတွေရေပြန်ဖြည့်ကာ တောင်ခြေကို ဆက်ဆင်းကြပါတယ်။

အဆင်းမနက်စာကို ၁၀း၃၀ နောက်ဆုံးလို့သတ်မှတ်ထားသလို Panalaban camp အဆောင်တွေကနေလည်း မနက် ၁၀ နာရီခွဲနောက်ဆုံးထား Check out  လုပ်ရပါတယ်။ သူတို့လည်း အဲဒီနေ့ တက်လာသူတွေအတွက် အဆောင်သန့်ရှင်းရေးလုပ်၊ အိပ်ယာခင်းတွေ ခေါင်းအုံးစွပ် ဂွမ်းကပ်စွပ်တွေ၊ လဲတာလျှော်တာလုပ်ရဦးမှာကိုး။ 


ဒုတိယနေ့ ခရီးလမ်းကြောင်း

မနက်စာကတော့ တောင်မတက်မီကျွေးတဲ့ အစာတွေအတိုင်းပါပဲ ထပ်ဖြည့်ကျွေးတာပါ။

အဆင်းက အတက်လို မမောပေမယ့် ခရီးရှည်တာရယ်၊ လှေကားထစ်တွေများတာရယ်ကြောင့် ဒူးတွေအပေါ် ဒါဏ် အတော်ပိပါတယ်။ ကျနော်ကတော့ အဆင်းမှာ ဒူးစွပ်စွပ်ထားလို့ သက်တောင့်သက်သာရှိပါတယ်။ ဒူးစွပ်ကို အတက်မှာတုန်းက ခြေသလုံးနေရာထိလျှောချထားလို့ ခြေသလုံးလည်းနွေးသလို အတက်တွေမှာ ဒူးကို တုပ်ဆွဲထားတာမျိုးမဖြစ်တော့ပါ။ အဆင်းစတော့မှ ဒူးပေါ်ကိုဆွဲတင်ပါတယ်။ 

ဂိုက်ရှဲဖက် စပိန်သူခမျာမှာတော့ အဆင်းမှာ ဒူးနာလို့ ဖြည်းဖြည်းသာဆင်းနိုင်ပါတော့တယ်။

မနက်ကိုးနာရီမှာ Panalaban စခန်းကနေ တောင်အောက်ကိုဆက်ဆင်းတာ ၁၁:၄၅ မှာ Timpohon တောင်အောက်စခန်းကိုရောက်ပါတယ်။ Timpohon ဂိတ် Check out နောက်ဆုံးသတ်မှတ်ချိန် ညနေ ၄ နာရီ ထက်နောက်ကျလျင် နာရီနဲ့လိုက်ပြီး တနာရီ 15 RM ပိုက်ဆံထပ်ပေးရပါတယ်။

အပြန်ခရီးအဆုံး Timpohon ဂိတ် အပြန် ကြိုဆိုရေးဆိုင်းဘုတ်

 အဲဒီကနေ ဖယ်ရီကားနဲ့ park HQ ကိုပြန်စီးပြီး Park HQ မှာ ငွေတဆယ်ပေးကာ Certificate ထုတ်ယူပါတယ်။ အဲဒီကောင်တာက cashless payment ဖြစ်ပေမယ့် ကျနော့မှာကဒ်မပါဘူးဆိုတော့ ဝန်ထမ်းက ငွေသားကိုပဲလက်ခံပြီး သူ့ကဒ်နဲ့ပေးပေးပါတယ်။ HQ ကထွက်တော့ ပါရမီဖြည့်ဖက်ကြီးက ကားနဲ့လာကြိုပါတယ်။

ကင်နာဘာလူးတောင်ထိပ်ထိတက်ခဲ့သည့် အသိမှတ်ပြုလက်မှတ်

ဒါနဲ့ ဂိုက်အတူရှဲတဲ့ စပိန်စုံတွဲကိုပါကားကြုံတင်ပြီး Kota Kinabalu ကို ကားနဲ့ ဆက်ဆင်းကြပါတယ်။ အပြန်လမ်းပေါ်ရှိ Kg Bongol မှာ Sinalau Bakas ဆိုပြီး ကြပ်တင်တောဝက်သားရောင်းတယ်ဆိုတဲ့ ဆိုင်တန်းကိုဝင်ကာ ဝက်သားကင်နဲ့ ဒေသထွက်ဆန်ကိုချက်တဲ့ ထမင်းထုပ်ဝင်ဝယ်ပါတယ်။ တောဝက်သားကင်လို့သာနာမည်တပ်ထားပေမယ့် အဆီအလွန်ထူတာမို့ တောဝက်မဟုတ်တာတော့သေချာပါတယ်။ ကီလိုဝက်ကို RM 25 ဆိုတော့ ဈေးကတော့အတော်သက်သာပါတယ်။

နေ့လည် နှစ်နာရီကျော် Kota Kinabalu ရောက်မှ စပိန်စုံတွဲကို သူတို့တည်းတဲ့ဟော်တယ်ကိုပို့ပြီးနောက် အိမ်အပြန်လက်ဆောင်ပေးဖို့ပစ္စည်းတချို့ဝယ်ကာ  ဟိုတယ်မှာချက်အင်ဝင်ကြပါတယ်။

ညနေပိုင်းမှာတော့ အနားက Imago mall ကိုလမ်းလျှောက်သွားပြီး လိုအပ်တာတချို့ထပ်ဝယ်ကာ ပစ္စည်းတွေ တိုးလို့တွဲလောင်းဆွဲလို့ လမ်းလျှောက်ပြန်ခဲ့ကြပါသေးတယ်။

တောဝက်အတုသားနဲ့ Red wine တန်ခိုးကြောင့်လားတော့မသိ၊ တောင်တက်တောင်ဆင်း နှစ်ရက်ဒါဏ်ကြောင့်ကိုယ်တွေလက်တွေနာမယ်၊ အထိုင်အထတွေခက်မယ် ထင်ထားတာ ဘာမှထူးထူးခြားခြား မခံစားလိုက်ရပါ။

နောက်နေ့ 23-3-24 မနက်မှာတော့ ဟော်တယ်ကကျွေးတဲ့ မနက်စာ ထမင်းကြော်စားပြီး လင်မယားနှစ်ယောက်တည်း အိမ်အပြန်ခရီးဆက်ခဲ့ပါတော့တယ်။

Mobile network

Maxis/ Hotlink  လိုင်း 4 G Network က ပထမနေ့တောင်တက်လမ်းတလျှောက်၊ Panalaban ပတ်ဝန်းကျင် သာမက 7 km ခရီးအမှတ်လောက်အထိ မိနိုင်ပါတယ်၊ တချက်တချက်တော့ လိုင်းလွတ်ပါတယ်။

တောင်တက်ရန်လိုအပ်ချက်များ။

ကျန်းမာရေးကောင်းရပါမယ်။ သက်လုံကောင်းဖို့လိုပါတယ်။ ကြွက်သားတွေသန်မာဖို့လိုပါတယ်။ 

ပထမနေ့ ၆ ကီလိုမီတာခရီးမှာ မဖြစ်မနေသုံးဖို့ပစ္စည်း၊ ရေနဲ့နေ့လည်စာတို့ကိုတော့ ကိုယ်နဲ့တပါတည်း မသယ်လို့မရ၊ အနည်းဆုံး ၃ ကီလိုဂရမ်လောက်တာ့ သယ်ရပါတယ်။ တောက်လျှောက်အတက် အမြင့်ခြားနားချက် ၁၄၀၆.၂ မီတာ၊ ပေ ၄၆၁၃.၅ ပေ တက်ရလို့ ပင်ပန်းပါတယ်။

ကိုယ့်ပစ္စည်းအားလုံးကို ကိုယ့်ဖာသာသယ်မယ်ဆို ၆-၇ ကီလိုဂရမ်သယ်ရပါမယ်။ လမ်းတဝက်ရောက်မှ မသယ်နိုင်တော့လို့ အထမ်းသမားငှားမယ်ဆိုလို့ မရနိုင်ပါ။ မသေချာလျင် အစကတည်းကငှားပါ။ 

ဒုတိယနေ့ ၂.၇ ကီလိုမီတာခရီးအတွင်း အမြင့် ၈၂၂.၅ မီတာ (ပေ ၂၆၉၈.၅) အတက် နဲ့၊ ၈.၇ ကီလိုမီတာအဆင်း၊ စုစုပေါင်း ၁၁.၄ ကီလိုမီတာခရီးကိုလျှောက်ဖို့ အလေ့အကျင့်ရှိထားတဲ့ ကြွက်သားတွေ  ရှိဖို့လိုပါတယ်။

ကျောက်တုံးတွေ လှေကားထစ်တွေကို နင်းတက်ရတာများပြီး ကြိုးကိုဆွဲတက်ရတာ နှစ်နေရာသာရှိလို့ တောင်တက်အတွေ့အကြုံ ထူးထူးခြားခြားမလိုပါ၊ လှေကားထစ်တွေ၊ ကျောက်တုံးတွေများလို့ အဆင်းမှာ ဒူးပေါ် အတော် ဒါဏ်ပိပါတယ်။ 

ဘယ်လိုလူတွေ မတက်သင့်ဘူးလဲ။

အမြင့်ကြောက်သူ၊ သွေးတိုး၊ နှလုံး၊ အဆစ်မြစ်ရောင်၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ် ရှိသူများ၊ သွေးအားနည်းရောဂါရှိသူ၊ ဆီးချို၊  ဝက်ရူးပြန်ရောဂါရှိသူ၊ နှလုံးခုန်မြန်သူ၊ အသည်းရောင် အသားဝါ၊ ကြွက်တက်တတ်သူ၊ အစာအိမ်နာရှိသူ၊  အဝလွန်သူများ အလွန်အေးသောပတ်ဝန်းကျင်နဲ့ မြင့်မားပြီး လေထုပါးတဲ့ ပတ်ဝန်ကျင်ကြောင့် ရှိရင်းစွဲရောဂါများ ပိုဆိုးလာနိုင်လို့ မတက်သင့်ပါ။


ကင်နာဘာလူးတောင်ကို တက်ရတာဘယ်လောက်ခက်လဲ 

တချို့ ဘလော့ဂါတွေက  Mulu The Pinnacles ကိုတက်ရတာ Mt Kinabalu တက်ရတာထက်ပိုခက်တယ်လို့ရေးကြပါတယ်။ သုံးသပ်သူပေါ်တည်တာပါ။ 

Mulu The Pinnacles က 2.4 km ခရီးအရှည် ၁၂၀၀ မီတာ အမြင့်ကိုတက်ရတယ်။ ခရီးပိုတိုပေမယ့် ပိုမတ်တယ်။ ခရီးအပိုင်းသုံးပိုင်းအတွက် အချိန် ကန့်သတ်ထားပြီး သတ်မှတ်ချိန်အတွင်း အဲဒီနေရာတွေကိုမရောက်လျင် ဆက်တက်ခွင့်မပေး။ လမ်းက ကြမ်းပြီး ကျောက်တုံးတွေ၊ အပင်တွေ၊ ကြိုးတွေ ကိုဆွဲတက်ရတာများတယ်။ နောက်ဆုံးပိုင်းမှာ သံလှေကားတွေ သံကွင်းတွေကိုဆွဲပြီး Rock Climbing  လိုတက်ရတော့ ခက်တယ်ပေါ့။ 

ကင်နာဘားလူးတောင်တက်တာကတော့ တက်ဖို့အချိန် ကန့်သတ်ချက်က အတော်ကလေးလျော့တယ်၊ လမ်းတွေက တက်လို့အများကြီးအဆင်ပြေတယ်၊ မတ်စောက်မှုက Mulu လောက်မဆိုး။ 

ပမထနေ့ 6 km ခရီး ကို ၁၄၀၆.၇ မီတာ အမြင့်တက်၊ ဒုတိယနေ့  2.7 km ခရီးကို 822.5 မီတာအမြင့်တက် ပြီး 8.7 km ခရီး ပြန်ဆင်း တော့ စုစုပေါင်း ခရီး 11.4 km အရှည်ပါ။ 

သူ့ရဲ့ အဓိက Challange က ခရီးရှည်ပြီး အတက်လည်းရှည်၊ ပိုလည်းမြင့်လို့ သက်လုံကောင်းဖို့နဲ့ ကြွက်သားတွေသန်မာဖို့လိုတယ်။ အမြင့်ပေ ၈၀၀၀ ကျော်မှာတက်ရတဲ့ခရီးကများလို့ Altitude sickness ရနိုင်တယ်။ အောက်ဆီဂျင်နည်းလို့ ပိုမောတယ်။ ရာသီဥတုက အများကြီးပိုအေးတယ်။ တောင်တက်ရင်း မတော်တဆဖြစ်လို့ ကျန်းမာရေးဖေါက်လာလို့ ကယ်ထုတ်ရသူ၊ အသက်ဆုံးရှုံးသူတွေ နှစ်တိုင်းလိုလိုရှိပါတယ်။ 

GPS tracker app  နဲ့မှတ်တမ်းတင်ထားတဲ့ ပထမနေ့အတက်ခရီး မှတ်တမ်း  ဖုန်းကိုသုံးထားလို့ နည်းနည်းတော့လွဲနိုင်ပါတယ်။ 


ဒုတိယနေ့ အစောပိုင်း၊ Panalaban  မှ တောင်ထိပ် သို့အတက် နဲ့   Panalaban သို့ ပြန်အဆင်းခရီး၊ မနက်စာစားပြီး   Panalaban ညအိပ်စခန်းမှ တောင်စတက်ရာ Timpohon gate သို့ပြန်ဆင်းခရီး အရှည်နဲ့အမြင့်မီတာပြ GPS  record



တောင်တက်ခရီးအတွက် ကြိုတင်ပြင်ဆင်ခြင်း

၁။ ပထမဦးဆုံးအဆင့်၊ ခရီးစဉ်ရေးဆွဲခြင်း

၆လ လောက်ကြိုတင် ဘိုကင်ယူရပြီး ငွေအကြေချေကာ၊ မသွားဖြစ်လျင် ငွေပြန်မအမ်း၊ ရက်ပြောင်းလျင် လည်း လိုချင်တဲ့ရက်ကိုရဖို့ခက်၊ ရက်ပြောင်းခလည်းဈေးကြီးလို့ ကိုယ်တကယ်သွားနိုင်မည့်ရက်ကို သေချာ ရွေးပါ။ ရက်ဝေးဝေးကို ကြိုတင်ဘိုကင်ယူထားရတာ မကြိုက်လျင်  ငွေပိုပေးကာ  Sutera Sanctuary Lodges လို တိုရ်းဆားဗစ်တွေမှာ ဘိုကင်ယူပါ။ 

ဘယ်ရာသီမှာ တက်လို့ကောင်းလဲ

 တနှစ်မှာ ၃၆၅ ရက်တက်လို့ရပေမယ့် ရာသီဥတုသိပ်ဆိုးလျင် တောင်ထိပ်ပိုင်းကို တက်ခွင့်ပိတ်ပါတယ်။ မိုးသက်လေပြင်းကျလျင် အကာကွယ်မရှိတဲ့ ကျောက်ဆောင်တွေပေါ်မှာ အလွန်အန္တရာယ်များလို့ပါ။  

အဲဒီလို ပိတ်တဲ့ရက်တွေက တနှစ်ကို လေးငါးရက်လောက်ရှိနိုင်ပြီး တက်ခွင့်ပိတ်လည်း ငွေပြန်မအမ်းပါ။ တောင်ခြေမှ Panalaban  camp အထိခရီးကိုတော့ပိတ်လေ့မရှိပါ။

တခါတလေ တက်နေတုန်းရာသီဥတုက ရုတ်တရက်ပြောင်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

မတ်လမှ  ဩဂုတ်လ အထိကာလက Mt Kinabalu  ရှိရာ ဘော်နီယိုကျွန်းမြောက်ပိုင်းမှာ ခြောက်သွေ့ရာသီဖြစ်လို့  တောင်တက်ဖို့ကောင်းတဲ့ရာသီပါ။ 

အောက်တိုဘာကနေ ဖေဖေါ်ဝါရီအကြားကတော့ အရှေ့မြောက်မုတ်သုန်ကြောင့် မိုးများပြီး တောင်ပေါ်မှာလည်းအလွန်အေးလို့ တောင်ထိပ် တက်ခွင့်ပိတ်တာမျိုး မတော်တဆဖြစ်တာမျိုးလို အဆင်မပြေဖြစ်နိုင်စရာတွေ များပါတယ်။ ဘိုကင်တော့ရဖို့တော့ အခွင့်လမ်းပိုများပါတယ်။ 

တောင်ထိပ်ရောက်နေတုန်း မိုးကြီးသည်းလာလျင် ကျောက်တောင်ပေါ်က ရေစီးကြောင်းတွေကိုဖြတ်ဆင်းရလျင် တောင်ကျချောင်းတွေကိုဖြတ်ကူးရသလို အန္တရာယ်များပါတယ်။ လေပြင်းလျင် ပိုဆိုးပါတယ်။ 

၂၀၂၃ စက်တင်ဘာနဲ့ ဒီဇင်ဘာလ ကဖြစ်စဉ် Videoတချို့ကို လင့်ပေးထားပါတယ်။ 

https://youtu.be/FML4ilFJdvQ?si=8stg1I6XlBaH4GmG

https://youtu.be/FML4ilFJdvQ?si=OR9ZrF9J6EZV9EJf

https://youtu.be/0ki_z1211JM?si=fytWnbjBx_hW2_7G


ခန့်မှန်းရက်ကိုသတ်မှတ်ပြီးလျင် မဖြစ်မနေလုပ်ရတာကတော့ ညအိပ်စခန်း‌ နေရာရဖို့ ကြိုတင်ဘိုကင်ယူရတာပါ။

၂။ ညအိပ်စခန်း‌ နေရာရဖို့ ကြိုတင်ဘိုကင်ယူရပါမယ်။

တိုးရ်အေးဂျင့်တွေထံမှတဆင့် ဘိုကင်ယူလျင် တချိုူကအနည်းဆုံး ၂ ယောက်မှလက်ခံတတ်ပြီး နှစ်လ သုံးလလောက်ကြို၊ Sabah park မှာ တိုက်ရိုက်ယူလျင် ၆ လလောက်ကြိုယူမှ နေရာရပါတယ်။

အဲဒီဘိုကင်ကို ငွေတခါတည်းချေရပြီး non-refundable ပါ။ ရက်ပြောင်း တခါခွင့်ပြုပေမယ့် ‌ပြောင်းခပေးရလို့ ရက်ရွေးတာကအစ သေချာပြင်ဆင်ရပါတယ်။

တောင်တက်ဖို့ တညအိပ်နှစ်ရက် အနည်းဆုံးလိုအပ်ပြီး ရာသီဥတုအလိုက် ဒုတိယနေ့ခရီးက ကြန့်ကြာနိုင်လို့ အပြန် ခရီးစဉ်ရေးဆွဲတဲ့အခါ အချိန်လုံလောက်အောင် ထည့်တွက်သင့်ပါတယ်။

 

၃။ ခရီးစဉ် ဘယ်ကစမလဲ ဘယ်နှစ်ရက် အချိန်ယူမလဲ။

မြန်မာ ordinary Passport  ကိုင်ဆောင်သူတွေ မလေးရှားနိုင်ငံကိုဝင်ဖို့ ပြည်ဝင်ခွင့် ဗီဇာ လို့ပါတယ်။ Official evisa website ကနေ  online လျှောက်လို့ရပါတယ်။ သံရုံးမှာလျှောက်လို့လည်းရပါတယ်။ အလည် ဗီဇာက သက်တန်း သုံးလပဲရှိတတ်လို့  ကိုယ် နိုင်ငံထဲကိုဝင်မယ့်ရက်နဲ့ အချိန်ကိုက်ပြီးလျှောက်ပါ။

 Kinabalu တောင်တက်ဖို့ ပြည်ပမှလာလျင် Sabah ပြည်နယ်မြို့တော် Kota Kinabalu ကိုအရင်ရောက်ပါမယ်။ ပြည်နယ် မြို့တော် Kota Kinabalu မှာ International airport ရှိပြီး တချို့ပြည်ပလေဆိပ်တွေနဲ့ တိုက်ရိုက်ခရီးစဉ်တွေရှိပါတယ်။ တချို့ကတော့ မြို့တော်   Kuala Lumpur  ကနေတဆင့်လာရပါတယ်။ ဘရူနိုင်း နဲ့ Sabah, Sarawak ပြည်နယ်တွေကနေလာလျင်တော့ ကားမောင်းလာလို့လည်းရပါတယ်။

Kota Kinabalu ကနေ Mt Kinabalu တက်ဖို့ Sabah Park HQ ရှိရာ Kundasang အနီးက  Kinabalu Park  ကို  နှစ်နာရီလောက်ကားစီးရပါတယ်။ တက်စီ၊ ဘတ်စ်၊ Grab စသည်တို့နဲ့ လာလို့ရပါတယ်။ 

တိုးရ်ပက်ကေ့ချ်တွေကတော့ Kota Kinabalu မြို့ပေါ်ဟိုတယ် အထိ အကြိုအပို့ ပါလုပ်ပေးတတ်ပါတယ်။ Kinabalu Park   ထဲမှာလည်းတည်းခိုခန်းတွေရှိလို့ တိုးရ်ပက်ကေ့ချ်တချို့က ၂ ညအိပ် သုံးရက် ဆိုပြီး Kinabalu Park မှာ တညကြိုအိပ်ဖို့လုပ်ပေးပါတယ်။

တချို့ကတော့ Kota Kinabalu မှာတညအိပ်ပြီးတောင်တက်မည့်မနက်စောစောမှ ဘတ်စ်နဲ့ဖြစ်စေ၊ တိုးရ်ကုမ္ပဏီက ကြိုပို့အစီစဉ်နဲ့ဖြစ်စေ Sabah Park HQ ကိုလာကြပါတယ်။ တချို့ကတော့ Sabah Park HQ ရှိရာ Kundasang area ကို တခါတည်းတက်လာပြီး အဲဒီအနားကဟိုတယ်တွေမှာ တညအိပ်ပါတယ်။

အဲဒီလိုတညကြိုလာတော့ လေထုပါးလွှာတဲ့တောင်ပေါ်ပတ်ဝန်းကျင်နဲ့ရာသီဥတုကို အကျင့်သားရစေသလို တောင်တက်မည့်နေ့မှာ အိပ်ယာကအစောကြီးမထရတော့ပါ။ ကျနော်တည်းခဲ့တဲ့ J Residence ဟိုတယ်ကဆို Sabah Park HQ ကို ၅ မိနစ်တောင်မလျှောက်ရပါ။ အဲဒီဟိုတယ်ကတော့ တောင်တက်သမားတွေအများစုတည်းကြတဲ့နေရာပါ။ ကျနော်လည်း အဲဒီမှာ ဘေးအခန်းလာတည်းတဲ့ စပိန်လင်မယားနဲ့ စကားစပ်မိပြီး တောင်တက်ဂိုက်ကို ရှဲကြဖို့ သဘောတူလို့ ရင်းဂစ် ၂၅၀ လောက်သက်သာသွားပါတယ်။ တဦးတည်းသမားတွေ အဲဒီလို ဟိုတယ်၊ ဘတ်စ် စသည်တို့မှာဆုံရင်း စုပြီး ဂိုက်ငှားဖြစ်ကြပါတယ်။ 

ဒုတိယနေ့က တောင်ထိပ်ရောက်ပြီး Sabah Park HQ အထိ ပြန်ဆင်းရာမှာ အများစုက နေ့လည် ၁၂ နာရီကနေ ၄ နာရီ အကြား အောက်ကို ပြန်ရောက်ကြပြီး အားလုံးနီးပါးက Kota Kinabalu ကိုဆက်ဆင်းကြပါတယ်။ ပြန်အဆင်းနောက်ကျလို့ အပြန်ကားရဖို့ အခက်ခဲရှိလာလျင် Kota Kinabalu ပြန်ရောက်တာနောက်ကျနိုင်လို့ အဲဒီနေ့မှာ လေယာဉ်ပြန်စီးဖို့ စီစဉ်ထားလျင်တော့ စိတ်မောရနိုင်ပါတယ်။

 ဒီတော့ ခရီးစဉ်ဆွဲရာမှာ  

  • Kota Kinabalu ကိုဘယ်လိုလာမလဲ၊
  • ရက်ဘယ်လောက်အချိန်ပေးမလဲ၊ 
  • ဘယ်ရက်တွေ ဘယ်နေရာတွေမှာတည်းမလဲ၊
  • တောင်ကိုဘယ်နေ့တက်မလဲ၊ ဆင်းတဲ့နေ့ ဘယ်မှာအိပ်မလဲ၊
  • သွားလာဖို့ ကားစီးဖို့ အစီအစဉ်

စတာတွေကိုထည့်ထားရပါမယ်။

လိုအပ်သောပစ္စည်းများ

Sabah park Visitor Centre မှာ Check in  လုပ်ဖို့ ငွေသွင်းဖို့ လိုအပ်ချက်များ။

၁။ ဘိုကင်ယူစဉ်ကပို့ပေးထားသော E ticket  နဲ့  QR code  ကို ဖုန်းထဲမှာထည့်ထားပါ။ ဖြစ်နိုင်လျင် self-check in  ကြိုလုပ်ထားပါ။

၂၊ ပတ်စ်ပို့ မူရင်းနဲ့  A4 ဆိုဒ် မိတ္တူ

၃။ ငွေပေးချေရန်  ချက်အင်အောင်တာမှာ Credit card, Debit Card, Touch and Go card, Alipay, Boost, Grab pay စတာတွေကိုသုံးလို့ရပါတယ်။  Guide နဲ့ အထမ်းသမား၊ ကားခ တို့ကိုတော့မလေးရှားသုံးရင်းဂစ် ငွေသားနဲ့ပေးရလို့ ငွေသားရော  Contact less payment  နှစ်မျိုးလုံးလိုပါတယ်။

ပထမနေ့ခရီးမှာ ညအိပ်စခန်းအထိခရီးကို ကိုယ့်ပစ္စည်းကိုယ်သယ်မှာလား၊ အထမ်းသမားငှားမှာလားဆိုတာပေါ်တည်လို့ ယူမည့်ပစ္စည်းကို လိုတိုးပိုလျှော့လုပ်နိုင်ပါတယ်။ မိုးရွာလျင် ပစ္စည်းတွေမစိုအောင် ထုတ်ပိုးဖို့လိုသလို ကျောပိုးအိတ်အတွက် မိုးကာလည်း သုံးနိုင်ပါတယ်။

ပထမနေ့

ခရီးရှည်ပြီး သိပ်မအေးသေးပါ။ အချိန်မရွေးမိုးရွာနိုင်ပါတယ်။ ချွေးထွက်မယ်၊ မောမယ်၊ အားကုန်မယ်။ ကြွက်သားတွေနာမယ်။ လမ်းမှာရေဖြည့်ဖို့နေရာက သန့်စင်ထားတဲ့ရေတာ့မရနိုင် ဆိုတာတွေကိုထည့်တွက်ပြင်ဆင်ပါ။

တက်ကာစခဏသာအေးပြီး တကီလိုမီတာလောက်ရောက်တာနဲ့ချွေးစထွက်လာလို့ပေါ့ပေါ့ပါးပါး အဝတ်မျိုးဝတ်သင့်ပါတယ်။

  • တီရှပ်၊
  • ဘောင်းဘီတို (သို့) တောင်တက်လို့ကောင်းတဲ့  အားကစားဘောင်းဘီရှည်အပါး ၊
  • မိုးကာ၊
  • တောင်တက်ဖိနပ်၊ 
  • အရေးပေါ်ဆေးပစ္စည်း (ကျနော်ကတော့ ထိခိုက်ဒါဏ်ရာ၊ အကိုက်ခဲ၊ ဗိုက်အောင့်လေထိုး၊ ဝမ်းပျက်၊ မူးဝေအော့အန်၊ နှာခေါင်းပိတ်၊ နှာစေး  စတာတွေအတွက်ဆေးတွေယူလာပါတယ်။  
  • လမ်းမှာသောက်ဖို့သောက်ရေ အနည်းဆုံးတလီတာခွဲ၊
  • ပထမနေ့ နေ့လည်စာ (ပက်ကေ့ချ်မှာမပါလျင် ယူလာပါ)၊
  • အဆာပြေ၊ အမောပြေ အားဖြည့်  energy bar
  • ချွေးသုတ် ပဝါအသေး၊
  • တစ်သျှူး အစို၊ အခြောက်၊ အစားသောက်စားလျင် သုံးရန်၊ ချော်လဲလျင်သုတ်ရန်။
  • အင်းဆက်မကပ်ဆေး၊ နေပူခံလူးဆေး၊ ဦးထုပ်တို့ကို လိုကောင်းလိုနိုင်ပါတယ်။
  • တောင်တက်တုတ် ပါလျင် အလွန်အသုံးတည့်ပါတယ်။ တချို့ကနှစ်ချောင်းသုံးပါတယ်၊ တုတ်နဲ့ကူတော့ ဒူးမှာ ဝန်ပိသက်သာပါတယ်။  မပါလျင် Kinabalu park ကစတိုးဆိုင်မှာဝယ်လို့ရပါတယ်။
  • ကျောပိုးအိတ်ကိုတော့ ပစ္စည်းခွဲပြီး အထမ်းသမားအပ်မလား၊ မိမိဘာသာအကုန်သယ်မလားဆိုတဲ့ပေါ်တည်ပါတယ်။  အကုန်သယ်မယ်ဆို ၄၀-၅၀   လီတာအိတ်လောက်တော့လိုပါတယ်။ ခွဲသယ်လျင် ၂၀-၃၀ လီတာအိတ်အသေးတလုံးပါလိုမယ်။ 
  • အိတ်ကို ရေမစိုအောင် အုပ်ဖို့ပလတ်စတစ်လိုပါမယ်။ 

 

ညအိပ်စခန်း အတွက်

  • ရေချိုးခန်း နဲ့အိမ်သာသုံးရန် ခြေညှပ်ဖိနပ်
  • ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ တစ်သျှူး
  • မျက်နှာသုတ်ပဝါ၊
  • ဖုန်း၊ ကင်မရာ အားသွင်းချင်လျင် ချာဂျာ (UK plug adapter လိုပါတယ်)
  • သူများဟောက်သံမခံနိုင်လျင်နားထဲဆို့ဖို့နားဆို့၊ သူများကမီးဖွင့်အိပ်တာကို မအိပ်တတ်လျင် မျက်လုံးကာဖို့ စသည်တို့လိုနိုင်ပါတယ်။
  • ညအိပ်အဝတ်အစားကိုတော့ နောက်နေ့တောင်တက်လျင် ဝတ်မည့်အဝတ်များကိုတခါတည်းဝတ်ထားလျင် ရပါပြီ။ ပထမနေ့အဝတ်တွေကတော့ချွေးတွေစို၊ အခန့်မသင့်လျင် မိုးစိုထားနိုင်လို့ ပြန်မဝတ်ဘူးဆိုပြီး အပိုတစုံ ဆောင်ခားထားပါ။  
  • အဝတ်အစိုတွေထည့်ဖို့ ပလတ်စတစ်အိတ် တပါတည်းယူလာပါ။ 

  ဒုတိယနေ့

ရေခဲအမှတ်လောက်အထိအေးပြီးလေတိုက်လို့ပိုအေးသလိုခံစားရနိုင်ပါတယ်။ မိုးရွာလျင် ပိုဆိုးပါတယ်။

  • ကျောပိုးအိတ်အသေး 10-30 L size (ကြိုးဆွဲတက်လျင် တုတ်ကိုချည်ထားလို့ရတဲ့ကွင်းတွေပါလျင် ပိုကောင်းပါတယ်။)
  • အပြင်ဆုံးက လေလုံ မိုးလုံတဲ့ အနွေးဂျာကင်၊
  • အတွင်းမှာ fleece အနွေးထည်၊
  •  တီရှပ်၊
  • တောင်တက် အနွေးဘောင်းဘီရှည်၊
  • ခြေအိတ်အထူ၊
  • ခေါင်းစွပ်၊ လည်ပင်းအကာ၊
  • မိုးလုံအကြမ်းခံလက်အိတ် (ကြိုးတွေကိုဆွဲတတ်ဆွဲဆင်းဖို့)
  • Headlight ဓါတ်မီး
  •  အရေးပေါ်ကြုံလာလျင် အကူညီခေါ်ရန် ဝီစီ
  • အရေးပေါ်ဆေး၊
  • သောက်ရေ အနည်းဆုံးတလီတာ
  • တခုခုဖြစ်လို့ အကူညီစောင့်နေရလျင် အားဖြည့်နိုင်ရန်စားဖို့ energy bars, ချောကလက်၊ energy drink
  • မိုးကာ
  • ဦးထုပ်၊ နေကာခရင်မ်၊ နေကာမျက်မှန်၊
  • ချွေးသုတ်ပဝါ အသေး
  • ခြေကုတ်ကောင်းတဲ့တောင်တက်ဖိနပ် ( တော်ရုံမိုးဒါဏ်ခံနိုင်လျင်ပိုကောင်းပါတယ် အလွန်အေးတဲ့နေရာမှာ မိုးမိလို့ခြေအိတ်တွေပါစိုလျင် ပိုအေးပြီး ခြေကုတ်အားလျော့ပါတယ်။
  • ခေါက်လို့ရတဲ့တောင်တက်တုတ်၊ ကျောက်တွေပေါ်မှာမိုးစိုလျင် တုတ်ကအတော်ကူညီနိုင်ပါတယ်။ ကြိုးဆွဲတက်ရတဲ့နေရာမှာ တုတ်ကို ခေါက်ပြီး ကျောပိုးအိတ်နဲ့ချည်ထားနိုင်ဖို့ လိုပါတယ်။
  • ကိုယ့်အမှိုက်ကို ကိုယ်ပြန်သိမ်းလာရန် ပလတ်စတစ်အျိတ်။

 ရေအပိုတို့ Energy bar တို့ ဝီစီတို့ ကို သာမန်အခြေအနေမှာမလိုပေမယ့် အခန့်မသင့်လို့ရာသီဥတုဖေါက်ပြီး ပိတ်မိနေတဲ့အခါ လာကယ်သူကိုစောင့်ရတဲ့အခါ လိုအပ်နိုင်လို့ ဆောင်ထားသင့်ပါတယ်။ 

ခန္ဓာကိုယ်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ခြင်း

တောင်တက် အတွေ့အကြုံမရှိလည်း တော်ရုံကျန်းမာရေးကောင်းသူတွေ တက်နိုင်တယ်လို့ဆိုကြပေမယ့် ပြောသလောက်မလွယ်ပါ။

အသက် ၅၀-၆၀ ကျော် အဖိုးကြီးအဖွားကြီးတွေလည်းနေ့တိုင်း တက်ကြပေမယ့် အဲဒီသူအများစုက ပုံမှန်တောင်တက်၊ အားကစားလုပ်လေ့ရှိသူတွေပါ။

လေ့ကျင့်ပါ။ 

သက်လုံကောင်းရပါမယ် ဒူး၊ ပေါင်၊ တင်ပါးကြွက်သားတွေသန်မာရပါမယ်။ 

ပထမနေ့ ၆ ကီလိုမီတာ တောက်လျှောက်အတက်ခရီးပါ။ ဒုတိယနေ့ ၂.၇ ကီလိုမီတာအတက် ၈.၇ ကီလိုမီတာအဆင်းပါ။ အတက်အဆင်းများလို့ ဒူး၊ ပေါင် နဲ့ တင်ပါးကြွက်သားတွေ ကျင့်သားရဖို့လိုပါတယ်။ အတက်ကိုကြိတ်မှိတ်တက်ပြီး အဆင်းကျ ဒူးမနိုင်တော့သူတွေလည်းရှိပါတယ်။ ကိုယ့်အထုပ်ကို ကိုယ်သယ်မယ်စိတ်ကူးလျင် ၆ - ၇ ကီလို အလေးချိန်ထည့်ပြီး လှေကားတက်၊ တောင်တက်လေ့ကျင့်ပါ။ ကြွက်သားတွေသန်မာအောင် အိတ်လွယ်ပြီး ထိုင်ထလုပ်ပါ။ တက်ရတဲ့လှေကားထစ်တွေက ထောင်ကျော်ရှိပြီး အနိမ့်မြင့်တမတ်တည်းမဟုတ်ပါ။ မညီညာတဲ့လမ်းတွေကျောက်တုံးတွေပေါ်မှာလျှောက်ရတဲ့တောင်တက်လမ်းတွေမှာလေ့ကျင့်နိုင်လျင်ကောင်းပါတယ်။ 

နှစ်ပတ် ကနေ တလ ကြိုတင်လေ့ကျင့်မှုတော့ အနည်းဆုံး ရှိသင့်ပါတယ်။ 

၂၀၂၂  တုန်းကလည်း ၅၁ နှစ်အရွယ်တောင်တက်သမား လမ်းတဝက်အရောက်မှာ သတိလစ်သွားပြီး CPR  လုပ်ကာကယ်ထုတ်ပေမယ့် တောင်အောက်မရောက်မီ ဆုံးပါးသွားတယ်ဆိုတဲ့သတင်းရှိပါတယ်။

Altitude sickness,  Acute mountain sickness (AMS) 

အမြင့်ပိုင်းရောက်တဲ့အခါ လေထုပါးလွှာပြီး အောက်ဆီဂျင်နည်းလို့ အသက်ရှူမဝရုံမက သွေးထဲအောက်ဆီဂျင်ကျပြီးခံစားရတဲ့ လက္ခဏာတချို့ခံစားရတာကို Altitude sickness လို့ခေါ်ပါတယ်။ ပေ ၈၀၀၀ ကျော်မှာ အမြင့်ကို မြန်မြန်တက်လျင် အဲဒီပြဿနာမျိုးနဲ့ပုံကြံုရနိုင်ပါတယ်။

ဒါကြောင့် အဲဒီအမြင့်ပိုင်းရောက်လျင် တောက်လျှောက်အမြင့်ဆက်မတက်ဘဲ နားနားနေနေတက်ဖို့၊ ခရီးတထောက်နားဖို့ အကြံပြုကြပါတယ်။ 

ဘာရောဂါမှမရှိတဲ့ ကျန်းမာနေသူတွေလည်း  ASM ရနိုင်ပါတယ်။ 

ဥပမာ ၂၀၂၃ ဧပြီလ တုန်းက မလေးရှားနိုင်ငံသားဇနီးမောင်နှံနှစ်ယောက်ဟာ ပေ ၁၀၇၃၇.၂  အမြင့်ရှိ Panalaban  ညအိပ်စခန်းကိုရောက်ပြီး ညမှာ ၃၅ နှစ်အရွယ်ဇနီးဖြစ်သူ ခေါင်းကိုက်အသက်ရှူကြပ်လာလို့ အောက်ဆီဂျင် နဲ့ရှေးဦးသူနာပြုစုပေးပြီးထမ်းစင်နဲ့ တောင်အောက်ကို ပြန်သယ်လာရာ  တောင်အောက်မရောက်မီ အဖေါ်လုပ်ပြီးပြန်ဆင်းလာတဲ့ ၄၅ နှစ်အရွယ်ခင်ပွန်းပါ အသက်ရှူကြပ်ပြီး ကြွက်တက်လာလို့သူ့ကိုပါထမ်းစင်နဲ့သယ်ချလာပြီး အနားကဆေးရုံသို့ပို့ဆောင်ကုသရာ၊ ဇနီးသည်မှာ သက်သာနာလံထူလာသော်လည်း ခင်ပွန်းမှာ ဆုံးပါးသွားခဲ့ပါတယ်။ 

Altitude sickness ကိုကာကွယ်ဖို့  မိမိဆရာဝန်နဲ့တိုင်ပင်ပြီး တောင်မတက်မီ ၂ ရက်ကြိုတင်ကာ  Acetazolamide  ဆိုတဲ့ဆေးကိုသောက်ထားလို့ရပါတယ်။ side effect တွေရှိလို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသောက်ပါ။ 

  

ကုန်ကျစားရိတ်များ (2024 ခုနှစ်အတွက် Sabah Park နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဘိုကင်ယူသည့်ပက်ကေ့ချ်)

ဘိုကင်ယူလျင် ကြိုတင်ပေးရငွေ။ (အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံခြားသား များအတွက်)

၁. MT KINABALU PANALABAN HOSTEL (Mokodou & Kinotoki) အဆောင်မှာ တညတည်းခိုခနှင့် အစားစာသုံးနပ်စာ ( ပထမနေ့ ညနေစာ၊ နောက်နေ့ မနက်စော ၂နာရီ၊ ပြန်အဆင်း ၇း၃၀ မှ ၁၀း၃၀ မနက်စာ) မလေးရှားရင်းဂစ် RM465.00။ 

Sutera Sanctuary Lodges ကနေ book  လုပ်ကြည့်တော့ 2D1N အတွက်တယောက်စာ အစား ၅နပ် နဲ့   Panalaban အဆောင် တညအိပ် အတွက်  1600 RM ယူပါတယ်။ နေ့လည်စာ ၂ နပ်စာသာပိုပြီး (1600-465 =1135 RM) တောင်ပိုပေးရပါတယ်။ ဒါပေမယ့် လာမည့်တလကြိုအတွက် ရက်တချို့ မှာနေရာရှိနေပါသေးတယ်။  

၂. တောင်တက်ပါမစ် RM400.00

၃. အာမခံ (မတော်တဆဖြစ်ပွားမှုအတွက်သာ) RM10.00

၄. ဝန်ဆောင်ခ RM61.00

စုစုပေါင်း RM 936.00 ကိုဘိုကင်တင်တာနဲ့ပေးရပါတယ်။

တောင်တက်မည့်နေ့ ပေးရငွေ။ (မလေးရှားရင်းဂစ် ငွေသားနဲ့ ငွေချေကဒ် နှစ်မျိုးလုံးယူသွားပါ။)

၁ ။  Kinabalu Park ထဲဝင်တဲ့အဝမှာ Conservation fees RM50.00, (Cashless ပါ၊ Credit card/ Debit card တွေနဲ့ပေးလို့ရပါတယ်။ )

၂။ ချက်အင်ကောင်တာမှာ ပါ့စ်ပို့ကော်ပီကူးပေးရပါတယ်။ မပါလာလျင် RM2.00 နဲ့ကူးရပါတယ်။

၃. Mountain guide RM 350.00 (မငှားမနေရ)

ဂိုက်တယောက်ကို တောင်တက်သူ ၅ ယောက်အများဆုံးငါးယောက် ပဲလိုက်လို့ရပါတယ်။ အဖွဲ့မရှိလျင် တယောက်တည်းလည်း RM350.00 ပေးရပါတယ်။ တက်သူချင်းညှိပြီး တစုစုကာဂိုက်ကိုရှဲကြတာများပါတယ်။ အစုလိုက်ဆို အတူတူသွားကြရမယ်လို့စသတ်မှတ်ထားပေးမယ့် မြန်တဲ့သူတွေသူတို့ဖာသာတက်ကြပြီး နောက်ဆုံးကျန်သူကိုဂိုက်ကစောင့်ခေါ်ပါတယ်။ ( မလေးရှားရင်းဂစ် Cash ပေးရပါတယ်။)

၄။ Park HQ မှ တောင်တက်လမ်းအစ Timpohon gate သို့ အသွားအပြန် ကားခ။ (မငှားမနေရ)

၁-၃ ယောက်ဆိုလျင် RM35.00 ပေးရပါတယ်။ ၄ ယောက်အထက်ဆို တယောက် ကို RM10.00နှုန်းယူပါတယ်။ (မလေးရှားရင်းဂစ် Cash ပေးရပါတယ်။)

၅။ Certificate တောင်ထိပ်ရောက်တဲ့အမှတ်တရ လက်မှတ်လိုချင်လျင် RM10.00 ပေးရပါတယ်။ လမ်းတဝက်ကပြန်လှည့်သူ လက်မှတ်လိုချင်လျင် အဖြူအမည်းလက်မှတ်ကို RM1.00 နဲ့ပေးပါတယ်။ ( Cashless payment)

၆။ အထမ်းသမာကြေး။ (မငှားလည်းရ)

ညအိပ်စခန်း Park HQ မှ Panalaban အထိ အသွားအပြန် ပထမ ၁၀ ကီလိုကို RM140.00 ပေးရပါတယ်။ နောက်ထပ်ပိုလာတဲ့ တကီလိုတိုင်းအတွက် RM14.00 ထပ်ဆောင်းပေးရပါတယ်။

ပစ္စည်းမများလျင် တချို့ ဂိုက်တွေကအထမ်းသမားပါလုပ်ပေးပြီး ပထမ ၁၀ ကီလိုစာအပြည့်မယူဘဲ အလေးချိန်ရှိသလောက်ဘဲယူတာလည်းရှိပါတယ်။

ကျနော်ကုန်တာက Sabah park direct package 936 RM,  တောင်တက်သည့်နေ့ Guide+ Ferry RM 130, porter 84 RM, Certificate 10 RM, ရုပ်ရည်ကြည့်ပြီး park ဝင်ကြေးကို  RM 10 ပဲယူလို့  စုစုပေါင်း RM 1170.00 ပါ။ 

Kota Kinabalu သို့လာသည့် လေယာဉ်လက်မှတ်ခ၊ ဟော်တယ်တည်းခိုခ၊  Kota Kinabalu  နှင့်  Kinabalu park အသွားအပြန် ကားခ၊ လေဆိပ် အသွားအပြန်ကားခ၊ တောင်မတက်မီနဲ့ပြန်ဆင်းပြီးနောက် စားသောက်စားရိတ် စသည်တို့မပါသေးပါ။ 


ဖိုးသုည

ဧပြီလ ၁၂ ရက် ၂၀၂၄ ခု


အသုံးဝင်နိုင်သည်လင့်များ။ 

Sabah park; https://www.sabahparks.org.my/kinabalu-park/mount-kinabalu

Sutera Santurary lodges ; https://suterasanctuarylodges.com.my/kinabalu-park/

Mountain TORQ; https://www.mountaintorq.com/

Malaysia Visa website; https://malaysiavisa.imi.gov.my/evisa/evisa.jsp










Comments

Popular posts from this blog

Gunung Mulu National Park ရှိ The Pinnacles သို့ တောင်တက်ခရီးသွားခြင်း

Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃)၊ အခမဲ့ လည်နိုင်သောနေရာများ